လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ရက်(၁၀၀)စီမံချက်နှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများအား ဆန်းစစ်သည့် အခမ်းအနားကျင်းပ
နေပြည်တော်၊ ဇွန်လ (၂၃) -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၂၃.၆.၂၀၁၆)ရက်နေ့ နံနက်(၁၀း၃၀)တွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်နှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများအား ဆန်းစစ်သည့် အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပါသည်။
ထိုသို့အမှာစကား ပြောကြားရာတွင် ဝန်ကြီးဌာနမှ လက်ရှိလုပ်ဆောင်လျက်ရှိသော လုပ်ငန်းများမှ လုပ်ငန်းအလိုက် ပြီးစီးမှုအခြေအနေများ၊ ကြုံတွေ့ရသော အခက်အခဲများ၊ ယင်းအခက်အခဲများအား ရင်ဆိုင်ကျော်လွှား ပြန်လည်ဆောင်ရွက်နိုင်မည့် နည်းလမ်းများအား ရှင်းရှင်းလင်းလင်း ဖြစ်စေဖို့အတွက် ဆွေးနွေးရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဥပဒေများ၊ အတည်ပြုပြဌာန်းပြီး ဖြစ်သည့် ဥပဒေများကို နည်းဥပဒေများ လျင်မြန်စွာ ထွက်ပေါ်လာနိုင်ရန် ကြိုးစားကြရမည် ဖြစ်ကြောင်း ပြောကြားပါသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက မိမိတို့ဌာနအလိုက် အစီရင်ခံ တင်ပြကြရာ လူမှုဝန်ထမ်းဦးစီးဌာနမှ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီအား ပြန်လည်ဖွဲ့စည်းခြင်းအတွက် မူဝါဒများနှင့် ကော်မတီအတွက် လျာထားသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းစာရင်းများ၊ အဖွဲ့အစည်းအသီးသီးတို့မှ ကိုယ်စားလှယ်စာရင်းများအား တင်ပြဆွေးနွေးမှုများ၊ လူငယ်မူဝါဒ ရေးဆွဲအကောင်အထည်ဖော်ရေး စီမံချက်များ၊ နေပြည်တော်တွင် ဖော်ဆောင်လျက်ရှိသော Help Line မှတဆင့် အကူအညီ တောင်းခံမှုများ နှင့်ပတ်သက်၍ စီမံချက်အား (၂၄)နာရီ ဝန်ဆောင်မှုပေးနေမှုကိစ္စများ၊ တိုင်းရင်းသားအများစု နေထိုင်ရာ ပြည်နယ်များတွင် ဆောင်ရွက်လျှက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်၍ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်ဆောင်ရွက် နေမှုများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ မသန်စွမ်းသူများအတွက် နည်းဥပဒေ ထွက်ရှိနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးပြောကြားကြပါသည်။
ဆက်လက်၍ ကယ်ဆယ်ရေးဦးစီးဌာနမှ ချင်းပြည်နယ်၊ မြေပြိုဆည်များနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုများ၊ သဘာဝဘေးစီမံခန့်ခွဲရေးတွင် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် ဆောင်ရွက်နေမှုများ၊ အရေးပေါ်စီမံခန့်ခွဲမှုဗဟိုဌာန (Emergency Operation Center) အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ၊ သဘာဝဘေး ကြိုတင်သတိပေးချက်များ ထုတ်ပြန်နိုင်ရေးအတွက် SSBစက်များ ဝယ်ယူဖြည့်တင်းခြင်းနှင့် သဘာဝဘေးအန္တရာယ် ကျရောက်သည့် ဒေသများမှ သတင်းအချက်အလက်များ မှန်ကန်စွာ ရရှိရေးအတွက် ဆောင်ရွက်နေသည့် KOBO Mobile Application ကိစ္စများ၊ သဘာဝဘေးဆိုင်ရာ အသိပေး Mobile Application ရေးဆွဲခြင်းလုပ်ငန်းများ၊ ပြည်သူလူထုကိုယ်တိုင် ပါဝင်သော မုန်တိုင်းဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်မှုအခြေအနေများ၊ သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများအား တိုင်းရင်းသား ဘာသာစကားများဖြင့်ပြုစု၍ ပြည်သူလူထုအား ဖြန့်ဝေရန် ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဝန်ကြီးဌာနအသီးသီးမှ ပေးပို့လာသော ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်နေသည့် ကိစ္စများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စများအား ဆွေးနွေးပေးခဲ့ပါသည်။
ထို့အပြင် ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပြည်သူများ၏ တုန့်ပြန်မှုကို သိရှိမှသာ ပြည်သူများအတွက် ပိုမိုအကျိုးပြုနိုင်မည့် နည်းလမ်းများကို ရှာဖွေဆောင်ရွက်နိုင်မည်ဖြစ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများမှ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့မှုနှင့်ပတ်သက်၍ ပြည်သူများ၏ တုန့်ပြန်မှု ဆန်းစစ်လွှာ ထုတ်ပြန်နိုင်ရေး ဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကို ညနေ (၄း၀၀)တွင် ရုတ်သိမ်းခဲ့ပါကြောင်း သိရှိရပါသည်။