ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီနှင့် တွေ့ဆုံ
နေပြည်တော်၊ ဇွန်လ (၂၈) -
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီအား ယနေ့ညနေ ၅ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည် ။
တွေ့ဆုံစဉ် ဝန်ကြီးဌာန၏ရက် (၁၀၀) လုပ်ငန်းစီမံချက်ဆိုင်ရာများ ၊ ကာလတို/ ကာလရှည်စီမံကိန်း ဆိုင်ရာများ ၊ သက်ကြီးရွယ်အို ၊ အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးနှင့် ခိုကိုးရာမဲ့ကလေးသူငယ်များ ပြန်လည်ပြုစုပျိုးထောင်ရေး ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာများ၊ သဘာဝဘေး ကြိုတင် ကာကွယ်ရေးအတွက် ပြင်ဆင်ထားရှိမှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် ဆောင်ရွက်ထား ရှိမှုများ၊ ကလေးသူငယ်နှင့် အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်းနှီးစွာ ဆွေးနွေးကြသည်။
ယင်းသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။ (သတင်းစဉ်)