သံအမတ်ကြီးနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံခြင်းနှင့် အမျိုးသမီးများ၏ တရားမျှတမှု လက်လှမ်းမီခြင်း အစီရင်ခံစာ မိတ်ဆက်ရှင်းလင်းပွဲ ကျင်းပပြုလုပ်မှုသတင်း
နေပြည်တော်၊ ဇွန်လ (၂၉) -
၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇွန်လ ၂၉ ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ရန်ကုန်မြို့၊ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံသံရုံးမှ သံအမတ်ကြီးဖြစ်သူ H.E.Mr. Nicholas Coppel ဦးဆောင်သောအဖွဲ့မှ လာရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ နှစ်နိုင်ငံအကြား သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်နေမှုများ၊ သြစတြေးလျနိုင်ငံမှ ပေးအပ်သည့် ပညာသင်ဆုကိစ္စများ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် သြစတြေးလျနိုင်ငံဘက်မှ ကူညီမည့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအောက်တွင် ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဌအဖြစ် ပြည်ထောင်စုဝန်ကြီးက တာဝန်ယူဆောင်ရွက်မှု အခြေအနေများ၊ ကလေးသူငယ်အခွင့်အရေး ဆောင်ရွက်နေမှု အခြေအနေနှင့် ကလေးသူငယ်ဥပဒေ ပြင်ဆင်ရေးဆွဲရေး တိုးတက်မှုအခြေအနေများ၊ ဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံကိန်းပါ ဦးစားပေး လုပ်ငန်းစီမံချက်များနှင့် ရှေ့ဆက်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
၂။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးအား United State Agency for International Development မှ အကြံပေးပုဂ္ဂိုလ် Mr.Don Price အား လက်ခံတွေ့ဆုံပြီး အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဝန်ကြီးဌာန၏ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန Emergency Operation Center(EOC) အဆင့်မြင့်တင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။
၃။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် United National High Commissioner for Refugees(UNHCR) မှ Representative ဖြစ်သူ Mr.Giuseppe Vincentiis ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် UNHCR အဖွဲ့အစည်းတို့အကြား နားလည်မှု စာချွန်လွှာရေးထိုး၍ လူသားချင်းစာနာမှုလုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ အစိုးသစ်၏ ဦးဆောင်မှုအောက်တွင် နေရပ်စွန့်ခွာ ပြည်သူများအတွက် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများနှင့် နိုင်ငံခြားသားဝန်ထမ်းများအတွက် ဗီဇာလျောက်ထားမှုကိစ္စရပ်များ လွယ်ကူချောမွေ့စေရေး ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
၄။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် Grand Amara Hotel ၌ ကျင်းပပြုလုပ်သော ဆုံမှတ်ဆီမှ အသံများ-တစ်ခုမကသော မြန်မာ့တရားစီရင်ရေးစနစ်တွင် အမျိုးသမီးများ၏ တရားမျှတမှု လက်လှမ်းမီခြင်းအစီရင်ခံစာ မိတ်ဆက်ရှင်းလင်းပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ကြီးဌာနသည် နိုင်ငံတော်ကိုယ်စား အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံအနေဖြင့်လည်းကောင်း၊ အာဆီယံအမျိုးသမီးရေးရာကော်မတီ အဖွဲ့ဝင်နိုင်ငံအနေဖြင့်လည်းကောင်း၊ အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးကော်မရှင်အဖွဲ့ဝင် နိုင်ငံအနေဖြင့်လည်းကောင်း၊ မြန်မာအမျိုးသမီးထုကြီးရဲ့ အခွင့်အရေးများ အပြည့်အဝရရှိခံစားနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေဂျင်းကြေငြာ စာတမ်းအရ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရား National Mechanism တစ်ရပ်ကို ၁၉၉၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂)ကို ၂၀၁၃ခုနှစ်မှာရေးဆွဲခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကိုလည်း လက်ရှိနိုင်ငံံတော်အစိုးရ၏ မူဝါဒများနဲ့အညီ ပြန်လည်ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အမျိုးသမီးများနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးမှာ အမျိုးသားများနှင့်တန်းတူ အခွင့်အရေးရရှိစေရေးအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေများ ထိရောက်မှုရှိစေဖို့နဲ့ လိုအပ်သော ဥပဒေများရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ အကြံပြုဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုမှ ကြိုတင်ကာကွယ်ရန်နှင့် စောင့်ရှောက်မှုများပေးရန် လိုအပ်တဲ့အတွက် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးခဲ့ပြီး ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်နဲ့အညီ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးဥပဒေကို ရေးဆွဲလျက်ရှိပါကြောင်း၊ အမျိုးသမီးများအနေနဲ့ မိမိကိုယ်မိမိ အကာအကွယ် ပေးထားတဲ့ ဥပဒေများကို နားလည်လာစေဖို့နဲ့ ဗဟုသုတများ ပြည့်စုံစေဖို့အတွက် ဆက်လက်ဆောင်ရွက် သွားမှာ ဖြစ်ပါကြောင်း၊ Millennium Development Goals (MDGs) မှ Sustainable Development Goals (SDGs) သို့ ကူးပြောင်းနေပြီဖြစ်လို့ ၂၀၁၆ ခုနှစ်မှစပြီး နောင်လာမဲ့(၁၅)နှစ်အတွင်း အမြင့်ဆုံးအတိုင်းအတာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အမျိုးသမီးများ နောက်ချန်မနေကြဘဲ အမျိုးသားများနဲ့ ရင်ပေါင်တန်းပြီး တက်ညီလက်ညီ ဆောင်ရွက်နိုင်မှသာ လိုရာခရီး ပန်းတိုင်ကို ရောက်ရှိနိုင်မှာဖြစ်ပါကြောင်း၊ သည့်အတွက် အရည်အချင်း စွမ်းဆောင်ရည်များအား တိုးတက်ထက်မြက်မှုရှိလာစေရန် လေ့ကျင့်ပျိုးထောင်ဖို့ လိုအပ်ပါကြောင်း၊ အမျိုးသမီးအားလုံး နိုင်ငံတော်ရဲ့ အရေးကြီးသော ကဏ္ဍများမှာ ပါဝင်ဆောင်ရွက်နိုင်ရန်နဲ့ ဆုံးဖြတ်ချက်ချတဲ့ နေရာများမှာ ပါဝင်နိုင်မှသာ မြန်ဆန်သော ဖွံ့ဖြိုးတိုးတက်မှုနဲ့ စစ်မှန်သော တန်းတူညီမျှမှုရရှိမှာဖြစ်ပါကြောင်း၊ ဒီနေ့မိတ်ဆက် ဖြန့်ချီတဲ့ အစီရင်ခံစာမှာ အမျိုးသမီးအရေးနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ ဖြေရှင်းဆောင်ရွက်ရာမှာ တရားစီရင်ရေး အဖွဲ့အစည်းများ၊ တရားစီရင်ရေးစနစ်များ၏ အမျိုးသမီးများအပေါ် သက်ရောက်မှုအား လေ့လာထားပြီး အားသာချက်များ၊ အခက်အခဲများနဲ့ အတားအဆီးများကို အကြံပြုထားတဲ့အတွက် အမျိုးသမီးများ တရားမျှတမှု လက်လှမ်းမီရရှိစေရေး ဆောင်ရွက်ပေးနိုင်မည့် အစီရင်ခံစာတစ်ခုဖြစ်ကြောင်း သတင်းရရှိပါသည်။