လူငယ်မူဝါဒရေးဆွဲရန် လူငယ်အားလုံး ပါဝင်နိုင်ရေးနှင့် ရေးဆွဲမည့် ကိုယ်စားလှယ်များ ရွေးချယ်နိုင်ရေး ဆောင်ရွက်လျက်ရှိ
၁။ ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် လူငယ်မူဝါဒ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် နိုင်ငံပေါင်း(၃၁)နိုင်ငံရှိရာတွင် မြန်မာနိုင်ငံသည်လည်း တစ်နိုင်ငံအပါအဝင် ဖြစ်ပါသည်။ လူငယ် မူဝါဒ ရေးဆွဲနိုင်ခြင်း မရှိသည့်နိုင်ငံများတွင် လူငယ်များ၏ လိုအပ်ချက်များ၊ တောင်းဆိုချက်များ၊ အမြင်များကို တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန် လိုအပ်လျက်ရှိသောကြောင့် လူငယ်မူဝါဒအား ရေးဆွဲဆောင်ရွက်ရန် လိုအပ်လာ ပါသည်။ လူငယ်မူဝါဒ ရေးဆွဲပြဌာန်းနိုင်ခြင်းဖြင့် လူငယ်ထုအတွင်း ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုများ စနစ်တကျ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လူငယ်များ တစ်တပ်တစ်အား ပါဝင်လာနိုင်မည်ဖြစ်ပါသည်။
၂။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ဦးဆောင်၍ ဆက်စပ်ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ လူငယ်ကိုယ်စားလှယ်များ ကိုယ်တိုင်ပါဝင်၍ မြန်မာနိုင်ငံလူငယ်မူဝါဒကို ရေးဆွဲမည်ဖြစ်ပါသည်။
၃။ မြန်မာနိုင်ငံ လူငယ်မူဝါဒ ရေးဆွဲနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးအဆင့် ဆွေးနွေးပွဲကို (၉.၅. ၂၀၁၆)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ကျင်းပခဲ့ပြီး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ မူကြမ်းရေးဆွဲရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရေး ဗဟိုကော်မတီ ဖွဲ့စည်းရေးအတွက် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ရာ နိုင်ငံတော်သမ္မတရုံး၏ (၁၃.၆.၂၀၁၆) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၉/၂၀၁၆)ဖြင့် မြန်မာနိုင်ငံ လူငယ်မူဝါဒ ရေးဆွဲရေးဗဟိုကော်မတီအား ဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။
၄။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ လူငယ်ဖိုရမ်ဆွေးနွေးပွဲ ကျင်းပရေးလုပ်ငန်းအဖွဲ့ဝင် ကိုယ်စားလှယ်များ ပါဝင်သော လူငယ်မူဝါဒရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးအား (၃၀.၆.၂၀၁၆)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးမှ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် အစည်းအဝေးများ၊ ဖိုရမ်များကျင်းပပြီး တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် လူငယ်ကိုယ်စားလှယ်များကို လူငယ်များကိုယ်တိုင် ရွေးချယ်ပေးပို့ရန်နှင့် လူငယ်မူဝါဒတွင် ထည့်သွင်းရေးဆွဲလိုသည့် အချက်အလက်များကို (၂၀.၉.၂၀၁၆)ရက်နေ့အရောက် ပေးပို့ရန်ဆုံးဖြတ်ခဲ့ကြ ပါသည်။ အဆိုပါ ရွေးချယ်ပေးပို့လာသည့် လူငယ်ကိုယ်စားလှယ်များကို ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် မူကြမ်းရေးဆွဲရေးအဖွဲ့များတွင် ပါဝင်ဖွဲ့စည်းမည်ဖြစ်ပါသည်။၂၀၁၆ခုနှစ် ဇူလိုင်လ(၁၄)ရက်နှင့် (၁၅)ရက်နေ့တို့ တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ တိုင်းဒေသကြီး၊ ပြည်နယ်များမှ လူငယ်ဖိုရမ်ဆွေးနွေးပွဲ ကျင်းပရေးလုပ်ငန်းအဖွဲ့ဝင် ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြပြီး မိမိတို့၏ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းရှိ လူငယ်များအား ကော်မတီများသီးသီးတွင် ပါဝင်နိုင်ရေးအတွက် ရွေးချယ်နိုင်ရေးနှင့် လူငယ်မူဝါဒနှင့် ပတ်သက်သည့် သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
၅။ ၎င်းလုပ်ငန်းစဉ်များ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရန် ၂၀၁၆ခုနှစ်၊ ဇူလိုင်လ၊ သြဂုတ်လ၊ စက်တင်ဘာလများအတွင်း တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ကိုယ်စားပြုသည့် လူငယ်ကိုယ်စားလှယ်များ ရွေးချယ်မှုနှင့် လူငယ်မူဝါဒတွင် ထည့်သွင်းရေးဆွဲလိုသည့် အချက်အလက်များကို တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဆွေးနွေးပွဲများကျင်းပပြီး ရွေးချယ်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။