မြန်မာနိုင်ငံ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းအဖွဲ့ခွဲ အစည်းအဝေး ကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် ဆင်းရဲနွမ်းပါးမှု လျော့ချရေး၊ ပြည်သူလူထု တစ်ဦးချင်းစီနှင့် အိမ်ထောင်စုတစ်စုချင်းရဲ့ ထိခိုက်လွယ်မှု အခြေအနေများကို လျော့ချရေးနှင့် လူသားအရင်းအနှီး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို မဖြစ်မနေ ဆောင်ရွက်သွားမှာဖြစ်သလို မိတ်ဖက်အဖွဲ့အစည်းများကလည်း ပူးပေါင်းဆောင်ရွက် ပေးကြရန် ၂၀၁၆ ခုနှစ် ဇူလိုင်လ(၂၀)ရက်နေ့တွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်သည့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအဖွဲ့ခွဲ အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးမှ ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းကို ဦးဆောင်ဝန်ကြီးဌာနတစ်ခုအဖြစ် ဆောင်ရွက်နေပါကြောင်း၊ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် ရန်ပုံငွေပိုင်းဆိုင်ရာ တတ်နိုင်မှု၊ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စွမ်းရှိမှုနဲ့ အကျိုးသက်ရောက်မှုတို့အပေါ် အခြေခံစဉ်းစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းအသီးသီးက လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များ တွေ့ရှိရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနနဲ့ ပေါင်းစပ်ညှိနှိုင်း၍ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုပါကြောင်း၊ နိုင်ငံအတွင်း ဆောင်ရွက်နေသော အဖွဲ့အစည်းပေါင်းစုံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်များစာရင်း ရရှိရန်လည်းလိုအပ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အကောင်အထည်ဖော်မှု ကနဦးနှစ်များတွင် မိတ်ဖက်အဖွဲ့အစည်းများ၏ ရန်ပုံငွေပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းများဖြင့် ပြည်သူလူထုအတွက် အကျိုးရှိမယ့် အဆိုပါအစီအစဉ်များကို ပိုပြီးမြန်မြန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရဲ့ ဦးစားပေးလုပ်ငန်းဖြစ်တဲ့ ချင်းပြည်နယ်အတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ သက်ကြီးရွယ်အိုများ ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းသည် အရေးကြီးဆောင်ရွက်ရမည် ဖြစ်သော်လည်း အကောင်အထည်ဖော်မှုအပိုင်းရှိ အကန့်အသတ်များကို အဖွဲ့အစည်းများနဲ့ပူးပေါင်းပြီး ကျော်လွှားသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာနှင့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် (၅၀)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။