လူမှုအဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရပ်ရွာဒေသတွင်း တစ်ဦးခြင်း၊ မိသားစုလူမှုရေး ပြဿနာများအပြင် ရပ်ရွာလူထုအရေး ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်

၁။ ပြည်သူအားလုံး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာတွင် အစိုးရအဖွဲ့တစ်ဖွဲ့တည်းက ဆောင်ရွက်နေခြင်းထက် လူမှုရေးအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများကပါ စနစ်တကျ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ပြည်သူများတိုက်ရိုက်အကျိုးခံစားမှု ပိုမိုရရှိမည်ဖြစ်ကြောင်း ယနေ့နံနံက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ Hotel Mandalay ၌ ကျင်းပပြုလုပ်သည့် အထက်မြန်မာပြည်ရှိ လူမှုရေးအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ ပြောကြားခဲ့ပါသည်။

၂။ ပြည်ထောင်စုဝန်ကြီးမှ ဆက်လက်ပြောကြားရာတွင် ပြည်သူကရွေးချယ်သော ပြည်သူ့အစိုးရက စစ်မှန်သော ဒီမိုကရေစီလမ်းစဉ်ဖြင့် ချီတက်ရာဝယ် လွတ်လပ်လုံခြုံသော လူမှုအဖွဲ့အစည်း၊ တရားမျှတပြီး ဥပဒေသက်ရောက်သောစနစ်နှင့် အေးချမ်းသာယာပြီး လုံခြုံစိတ်ချဖွံ့ဖြိုးတိုးတက်သော လူနေမှုဘဝရရှိစေရေးအတွက် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟူသော ယုံကြည်ချက်ဖြင့် ပြည်သူများအကျိုးရှိအောင် ယနေ့တွေ့ဆုံပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနကို ဦးစီးဌာန(၂)ခုဖြင့် ဖွဲ့စည်းထားရှိပြီး လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း၊ ကလေးနှင့်လူငယ်လူရွယ် စောင့်ရှောက်ရေးလုပ်ငန်း၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများစသည့် မွေးကင်းစမှ သက်ကြီးရွယ်အိုထိ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ပြည်သူ့အတွက် ထိရောက်သော ကူညီမှုဖြစ်စေဖို့ ပြောင်းလဲဆောင်ရွက်နေပြီဖြစ်၍ အစိုးရပြည်သူနှင့် လူမှုအဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါရန်နှင့် လူမှုအဖွဲ့အစည်းများအနေဖြင့်လည်း လုပ်ငန်းများထပ်နေမှု၊ ကျန်ရှိမှုမရှိစေရေး၊ သတင်းအချက်အလက် အမှန်ရယူ၍ ကူညီဆောင်ရွက်ပေးရန်လိုကြောင်း လတ်တလော တိုင်းဒေသကြီး(၅)ခုတွင် ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံမှုနှင့်စပ်လျဉ်း၍ ကူညီထောက်ပံ့ရေးလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီးများရှိ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးများနှင့် ဆက်သွယ်ဆောင်ရွက်သွားပါရန်နှင့် မိမိတို့အနေဖြင့်လည်း ယခင်က ဆန်ရိက္ခာ(၃)ရက်စာ ထောက်ပံ့ပေးလျက်ရှိရာမှ ရေတက်ရေကျမှုအပေါ်မူတည်၍ လိုအပ်သလို ဆက်လက်တိုးမြှင့်ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပြီးဖြစ်ပါကြောင်း၊ သဘာဝဘေးဆိုင်ရာ အချက်အလက်များအား လက်ကိုင်ဖုန်းများမှ တဆင့်ပေးပို့နိုင်ရေး KOBO Application ကိုလည်း အသုံးပြုပေးရန်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

၃။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှ ဝန်ကြီးဌာနအနေဖြင့် လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြည်သူများနှင့် လူမှုအခက်အခဲများကို ကျော်လွှားနိုင်အောင် စနစ်တကျ စီမံခန့်ခွဲပေးမည်ကို ကြားသိရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ လူမှုရေးအဖွဲ့အစည်းများအနေဖြင့်လည်း ပြည်သူအတွက် ထိရောက်တဲ့ကူညီမှုဖြစ်စေဖို့ ပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း၊ ယနေ့ဆွေးနွေးပွဲသို့ ပြည်သူ့အကျိုးအတွက် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်မည်ဟူသည့် သံဓိဌာန်ဖြင့် လာရောက်သည်ဟု ယုံကြည်ပါကြောင်း၊ ဆွေးနွေးလိုသည်များအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးရန်ဖြစ်ကြောင်းပြောကြားပါသည်။

၄။ ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်မှ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် လူမှုရေးအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြ ပါသည်။

၅။ မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်းမှ လှူဒါန်းသော အလှူငွေကျပ်သိန်း(၁၀၀)အား ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးမှ လက်ခံရယူပြီး လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်းနှင့် ယနေ့ဆွေးနွေးပွဲသို့ အထက်မြန်မာပြည်ရှိ လူမှုရေးအဖွဲ့အစည်း၊ ဖောင်ဒေးရှင်း(၃၅၀)ဖွဲ့နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ စုစုပေါင်း (၆၀၀)ဦး ခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter