လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ညောင်တုန်း၊ ပန်းတနော်၊ ဇလွန်မြို့များရှိ ရေဘေးသင့်ပြည်သူများကို တွေ့ဆုံ၍ အားပေးစကား ပြောကြား

၁။ နိုင်ငံအဝှမ်းမိုးများပြီး မြစ်ရေလျှံတက်မှု ဖြစ်ပေါ်လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့တွင် ပန်းလှိုင်မြစ်ရေသည် ညောင်တုန်းမြို့နှင့် ပတ်ဝန်းကျင်ဒေသများသို့ စိုးရိမ်ရေမှတ်ကျော်လွန်ပြီး မြစ်ရေလျှံတက်လျက် ရှိပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ညောင်တုန်းမြို့သို့ ရောက်ရှိရာ ယာယီဖွင့်လှစ်ထားရှိထားသော ရေဘေးစီမံခန့်ခွဲမှု ကွပ်ကဲရေးရုံးသို့ သွား‌ရောက်ပြီး နယ်မြေခံ လူမှုအဖွဲ့အစည်းများ၊ ဧရာဝတီဖောင်ဒေးရှင်း၊ ဝေဠုကျော်ဖောင်ဒေးရှင်း၊ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်း၊ အခြားလူမှုရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး ဆက်လက်ဆောင်ရွက်မည့် ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများကို ညှိနှိုင်း၍ ဆက်သွယ်ရေးခက်ခဲသော ဝေးလံသည့် ရေနစ်မြှပ် ကျေးရွာများသို့ ထောက်ပံ့ပစ္စည်းများ လက်ဝယ်ရောက်ရှိရေး ထောက်ပံ့ပေးရာ၌ မကျန်အောင် မထပ်အောင် အချင်းချင်းပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့အကောင်အထည်ဖော်ခဲ့ပါသည်။ ဆက်လက်၍ ကျောင်းကြီးကျောင်း ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားရှိသော ယာယီရေဘေးရှောင်စခန်းသို့ ရောက်ရှိပြီး ပြည်သူများနှင့် တွေ့ဆုံကာ ကာလတန်ဖိုး ကျပ်သိန်း(၄၀)တန်ဖိုးရှိသော ဆန်၊ ငါးသေတ္တာ၊ ရေသန့်ဆေးပြား၊ ရေသန့်၊ တာ‌ပေါ်လင်လိပ်၊ စားသုံးဆီများကို လူမှုအဖွဲ့အစည်းများနှင့်အတူ ထောက်ပံ့ပြီး အားပေးစကား ပြောကြားခဲ့ပါသည်။

၂။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်းလှိုင်မြစ်ကမ်းဘေးတွင် ၂၀၁၆ ခုနှစ်၊ ဇွန်လတွင် ဆောက်လုပ်ပြီးစီးခဲ့သည့် ကွန်ကရစ်ရေကာနံရံကို သွားရောက်ကြည့်ရှုခဲ့ရာ နယ်မြေတာဝန်ခံ အင်ဂျင်နီယာတစ်ဦးမှ ယနေ့မြစ်ရေမြင့်တက်မှုအခြေအနေမှာ အမြင့်ဆုံးဖြစ်နိုင်ပြီး မနက်ဖြန်တွင် ရေပြန်လည်ကျဆင်းနိုင်ကြောင်း၊ အထက်ဘက်မှ ရေများရောက်ရှိလာနိုင်သော်လည်း ဒီရေကျသည့်ရက်နှင့် တိုက်ဆိုင်နေသဖြင့် စိတ်ပူရန်မလိုကြောင်း ယခုမြင်တွေ့ရသည့် ကွန်ကရစ်ရေကာနံရံကြောင့် ညောင်တုန်းမြို့၏ မြစ်ရေမြင့်တက်မှု ကာကွယ်ရေးအခြေအနေမှာ များစွာအထောက်အကူပြုကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

၃။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်းမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ရာ ပန်းတနော်မြို့သို့ နံနက်(၁၁း၃၀)မိနစ်တွင် ရောက်ရှိပါသည်။ ပန်းတနော်မြို့တွင်း ယာယီရေဘေးရှောင် စခန်းများအဖြစ် ဖွင့်လှစ်ထားသော အ.ထ.က(ခွဲ)ပန်းတနော်၊ မြို့နယ်အားကစားရုံတို့ရှိ ရေဘေးသင့်ပြည်သူများထံသို့ သွားရောက်ပြီး ကြည့်ရှုထောက်ပံ့ အားပေးစကား ‌ပြောကြားခဲ့ပါသည်။ ထို့နောက် ရေဘေးသင့်ပြည်သူများ စားသုံးရန်အတွက် ဆန်၊ ငါးသေတ္တာ၊ စားသုံးဆီ၊ ခေါက်ဆွဲခြောက်၊ ရေသန့်များကို လူမှုအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများနှင့် ပူးပေါင်းထောက်ပံ့ခဲ့ရာ ရေဘေးသင့်ပြည်သူများမှ လက်ခံရယူကြပါသည်။ ၎င်းရေဘေးရှောင်စခန်း(၂)ခုတွင် အိမ်ထောင်စု(၁၁၅)စု လူဦးရေ(၄၈၅)ဦး ခေတ္တနေထိုင်လျက်ရှိပြီး ထောက်ပံ့မှုစုစုပေါင်းတန်ဖိုးမှာ ကျပ်(၃၂)သိန်းခန့် ဖြစ်ပါသည်။

၄။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇလွန်မြို့သို့ မော်တော်ယာဉ်များ ဆက်လက်ထွက်ခွာခဲ့ရာ မွန်းလွဲပိုင်းတွင် ရောက်ရှိကြပြီး မြစ်ကမ်းဘေးရေထိန်းတာနှင့် ဧရာဝတီမြစ်ရေအခြေအနေများကို ကြည့်ရှုကာ စက်လှေဖြင့် ရေဘေးရှောင်ပြည်သူများရှိရာ နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ရွာကန့်လန့်ရွာ၊ ဇေယျသုခ ဘုန်းတော်ကြီးကျောင်းနှင့် ငှက်ပျောတောရွာ၊ ဓမ္မသီရိဘုန်းတော်ကြီးကျောင်းများသို့ ရောက်ရှိပြီး ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးကာ ဆန်နှင့်ငါးသေတ္တာများကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ပါသည်။ ၎င်းရေဘေးရှောင်ယာယီစခန်းများတွင် ရေဘေးသင့်ပြည်သူ(၅၇၃)ဦး ခေတ္တတည်းခိုနေထိုင်လျက်ရှိပြီး ထောက်ပံ့မှုစုစုပေါင်းတန်ဖိုးမှာ ကျပ်(၃၉)သိန်းခန့် ဖြစ်ပါသည်။

၅။ ထို့နောက် ဇလွန်မြို့တွင်းရှိ လမ်းမတော်မြို့တွင်းရှိ ရေလယ်ကျောင်းပရိယတ္တိစာသင်တိုက်နှင့် မဟာနာဂဝံသသိမ်ကျောင်းတိုက်တို့တွင် ဖွင့်လှစ်ထားရှိသော ရေဘေးရှောင်စခန်း(၂)သို့ သွားရောက်ကာ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့အားပေးစကား ပြောကြားခဲ့ပါသည်။ ယင်းရေဘေးရှောင်စခန်းများတွင် အိမ်ထောင်စု(၁၀၁)စု၊ လူဦးရေ(၂၉၂)ဦး ခေတ္တခိုလှုံနေထိုင်လျက်ရှိပြီး ဆန်နှင့်ငါးသေတ္တာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ထောက်ပံ့မှုစုစုပေါင်းတန်ဖိုးမှာ ကျပ်(၂၄)သိန်းခန့် ဖြစ်ပါသည်။

၆။ ခရီးစဉ်တလျှောက် ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရသစ်အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၊ လူမှုအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများနှင့် ပူးပေါင်းကာ ရေဘေးသင့်ပြည်သူများအတွက် ဆက်လက်ထောက်ပံ့မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယာယီနေထိုင်စဉ်ကာလအတွင်း ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးများကို အလေးထားကြစေလိုကြောင်း၊ ရေဘေးသင့်ဒေသများကို ထောက်ပံ့ရာတွင် မကျန်စေရေး၊ မထပ်စေရေးတို့အတွက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ လက်ဝယ်အရောက်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။ ရေဘေးရှောင်စခန်းများရှိ (၃)လအောက် ကလေးငယ်(၂၁)ဦး၏ မိခင်များကိုလည်း အာဟာရဖြည့်ဆည်းရန် ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ပါသည်။

FacebookTwitter