ရေဘေးသင့်ဒေသများသို့ ကွင်းဆင်းလုပ်ငန်းဆောင်ရွက်မှုသတင်း

နေပြည်တော်၊ သြဂုတ် (၂၇) -

၁။ မမျှော်မှန်းနိုင်သော သဘာဝဘေးဒဏ် ကျရောက်လာလျှင် ဘေးသင့်ပြည်သူများအား အလျှင်အမြန် ကူညီထောက်ပံ့မှု ပြုနိုင်ရန် နိုင်ငံတော် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးနေကြောင်း ၂၆-၈-၂၀၁၆ နေ့ နံနက်(၀၃း၀၀)နာရီတွင် ဆင်သေချောင်းရေ ရုတ်တရက် မြင့်တက်စီးဆင်းမှုကြောင့် တပ်ကုန်းမြို့နယ်၊ သံပုရာကုန်း ကျေးရွာနှင့် လက်ပံအိုင် ကျေးရွာတွင်အိမ်(၂၂)လုံး ရေမျောပါပျက်စီးခဲ့ ပြီး (၂၁၂)အိမ် ရေဝင်ပျက်စီးကာ(၁၀၃၈)ဦး ရေဘေးသင်‌့ခဲ့ကြောင်း ရမည်းသင်းမြို့နယ်၊ ဆက်ထိုးပေါက် ကျေးရွာနှင့် အောင်ချမ်းသာ ကျေးရွာတွင် အိမ်(၁၃)လုံး ရေမျောပါပျက်စီးကာ (၅၀)ဦး ရေဘေးသင့်ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာ ချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ဘေးသတင်း ရလျှင်/ ရခြင်း အလျှင်အမြန်တုန့် ပြန်မှုပြုသည့် အနေဖြင့် အဆိုပါ ဒေသသို့ ဘေးဖြစ်သည့်နံနက်တွင် ကယ်ဆယ်ရေး ပစ္စည်းများ၊ ဆန်ရိက္ခာဖိုးငွေနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ စုစုပေါင်းကျပ်သိန်း(၉၀)ကျော်သွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း ယနေ့တွင်လည်း ရေဘေးသင့်ရာဒေသသို့ လတ်တလော ထပ်မံလိုအပ်မည့် စားသုံးဆီ၊ ငါးသေတ္တာ၊ အာဟာရမှုန့်၊ စောင်နှင့် အဝတ်အထည်များကို ဘေးသင့်ပြည်သူများအားလုံး အတွက် ထပ်မံလာရောက်ထောက်ပံ့ခြင်း၊ ဘေးသင့်ပြည်သူများအတွက် အားပေးစကား လာရောက် ပြောကြားခြင်းဖြစ်ကြောင်း ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ရေဘေးသင့်  ပြည်သူများနှင့် တွေ့ဆုံပြောကြားခဲ့ပါသည်။

news

၂။ ယင်းနောက် သံပုရာကုန်းကျေးရွာနှင့် လက်ပံအိုင်ကျေးရွာမှ ရေဘေးသင့်ပြည်သူများအတွက် ငါးသေတ္တာ၊ စားသုံးဆီ၊ စောင်၊ အဝတ်အထည်နှင့် အာဟာရမှုန့်များ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခဲ့ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှလည်း ထောက်ပံ့မှု များပြုလုပ်ခဲ့ပါသည်။

၃။ ထို့နောက် ရေဘေးသင့်ကလေးငယ်များအား ကစားစရာနှင့် စားသောက်ဖွယ်ရာများကို ပေးအပ် ခဲ့ပါသည်။

၄။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သံပုရာကုန်း ကျေးရွာသို့သွားရောက်၍ ရေဘေးသင့် ပြည်သူများ အား တွေ့ဆုံ အားပေးစကားပြောကြားပြီးရေဘေးကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်‌့ သံပုရာကုန်းကျေးရွာ၊ အထက်တန်းကျောင်းခွဲနှင့် ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ရှင်းလင်းရေး ဆောင်ရွက်နေသော တပ်မတော် သားများနှင့် ပြည်သူများအား အားပေးစကားပြောကြားခြင်း၊ ထောက်ပံ့ငွေများပေးအပ်ခြင်း၊ ကလေးငယ်များအား ကစားစရာပစ္စည်းများနှင့် စားသောက်ဖွှယ်ရာများ ဝေငှခြင်း၊ သံပုရာကုန်းကျေးရွာဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်အား သင်္ကန်းဆက်ကပ်ခြင်း၊ ဒေသလိုအပ်ချက်များ လျှောက်ထားမေးမြန်းခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။

၅။ ဘေးသင့်ပြည်သူများ၏ တောင်းဆိုချက်များဖြစ်သည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ဒေသလိုအပ်ချက်ဖြစ်သော စာသင်ကျောင်းများ ပြင်ဆင်ခြင်း၊ စိုက်ပျိုးရေးသုံး ပစ္စည်းများ ထောက်ပံ့ခြင်း၊ ချောင်းဘေးမြေနိမ့်ပိုင်းရှိ ရေဘေးသင့်နေအိမ်များအား သင့်လျော်သလို နေရာချထားနိုင်ရေး ညှိနှိုင်းခြင်း၊ ကျေးလက်လမ်းများ အဆင့်မြှင့်တင်ခြင်း၊ ရေကောင်းရေသန့် ရရှိရေး ကူညီဆောင်ရွက်ပေးခြင်းတို့အား သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီတို့နှင့် ဆက်လက်ပူးပေါင်း ညှိနှိုင်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter