တိုးပွားလာမယ့် သက်ကြီးရွယ်အိုများအတွက် လူမှုရေးနှင့် ကျန်းမာရေးကဏ္ဍများ တိုးမြှင့်စောင့်ရှောက်ရန် လိုအပ်

နေပြည်တော်၊ စက်တင်ဘာ (၁၂) -

      သက်ကြီးရွယ်အိုများရဲ့ ဘဝလုံခြုံစိတ်ချစေရေးအတွက်  ဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲ ဆောင်ရွက် လျက်ရှိသည့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ(မူကြမ်း)အား လွှတ်တော်ကအတည်ပြုပြဌာန်းပြီး နောက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် မြန်မာနိုင်ငံ အမျိုးသားအဆင့် သက်ကြီးရွယ်အို စီမံကိန်း (၂၀၁၄-၂၀၂၃) ပါ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ အမရဟိုတယ်၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ သက်ကြီးရွယ်အို မူဝါဒရေးဆွဲရေးဆိုင်ရာ  အလုပ်ရုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက တိုက်တွန်းြပောကြားခဲ့ပါသည်။

      ဆက်လက်၍ မိမိတို့ နိုင်ငံသည် အခြားသော အရှေ့တောင် အာရှနိုင်ငံများနည်းတူ သက်ကြီးရွယ်အို တိုးတက်မှုနှုန်းမှာ အလျင်အမြန် ပြောင်းလဲလျက်ရှိပြီး ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်း ခေါင်စာရင်း ထုတ်ပြန်ချက်အရ နိုင်ငံ၏ စုစုပေါင်းလူဦးရေ သန်း(၅၀)ကျော်တွင် (၄.၅)သန်း၊(၈.၉)ရာခိုင်နှုန်း ဟာ အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရ အနာဂတ်မှာ တိုးပွား လာမည့် သက်ကြီးရွယ်အိုများအတွက် လူမှုရေးနှင့် ကျန်းမာရေး ကဏ္ဍများကို တိုးမြှင့်စောင့်ရှောက်နိုင်ရေး လိုအပ်မည် ဖြစ်ပါကြောင်း၊ နှစ်စဉ်တိုးတက်မြင့်မားလာသော သက်ကြီးရွယ်အိုများအတွက် ရိပ်သာအခြေပြု စောင့်ရှောက်မှု လုပ်ငန်းနှင့် လုံလောက်မှု မရှိသည့်အတွက် ၂၀၀၄ ခုနှစ်မှ စတင်၍  စေတနာ့ဝန်ထမ်း အခြေပြု အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းကို နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာကို ၂၀၁၃ ခုနှစ်က ရန်ကုန်မြို့တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းမှာ နိုင်ငံတကာ စောင့်ရှောက်မှု နည်းလမ်းသစ်တစ်ခုကို စတင်ဆောင်ရွက်နိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်မှု လုပ်ငန်းကို တိုးချဲ့ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါကြောင်း၊ သက်ကြီးရွယ်အိုများကို လူမှုရေးနှင့် ကျန်းမာရေးကဏ္ဍတွင် စနစ်တကျစောင့်ရှောက်မှု  ပေးနိုင်ရန်နှင့် လူငယ်များ အလုပ်အကိုင် အခွင့်အလပ်းများ ရရှိစေရေး အထောက်အကူပြုနိုင်ရန် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်သူ (Care Giver) သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ(မူကြမ်း)ကို အတည်ပြု ပြဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရသစ်၏  ရက်(၁၀၀) စီမံ ချက် တွင်လည်း အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ စာရင်း ကောက်ယူခဲ့ပြီး နိုင်ငံတော် ဘတ်ဂျက် ရန်ပုံငွဖြေင့် ထောက်ပံ့မှုများ ပေးနိုင်ခဲ့ပါကြောင်း၊ ယခုထက် ပိုမိုထောက်ပံ့ပေးနိုင်ရေး အတွက်လည်း  စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုအစိုးရ အဖွဲ့မှ အတည်ပြု ထားရှိပြီးဖြစ်သည့် အမျိုးသားအဆင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းစီမံကိန်းပါ လုပ်ငန်း(၁၀)ခုကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အလို့ငှာ သက်ကြီးရွယ်အိုဆိုင်ရာ မူဝါဒတစ်ရပ် ပေါ်ထွန်းလာ စေရန်အတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter