ကလေးသူငယ် ကာကွယ်စောင့် ရှောက်ရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲနှင့် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲ တက်ရောက်ခြင်း
နေပြည်တော်၊ စက်တင်ဘာ (၂၁) -
မြန်မာနိုင်ငံအစိုးရ အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း၌ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် ယူနီဆက်(မြန်မာ)တို့အကြား ပူးပေါင်းဆောင်ရွက်မည့် ကိစ္စနှင့်ပတ်သက်၍ ကြိုဆိုပါကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် ယူနီဆက်(မြန်မာ)တို့၏ ထောက်ပံ့ကူညီမှုသည် အကြမ်းဖက်မှု၊ အလွဲသုံးမှုနှင့် အမြတ်ထုတ်ခံရမှုများမှ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် များစွာ အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း၊ ယခု သဘောတူညီချက်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနသာမက ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့၏ ကလေးသူငယ်ကာကွယ် စောင့််ရှောက်ရေးဆိုင်ရာ လုပ်ငန်းများအပေါ်တွင်လည်း များစွာ အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးနှင့် ယူနီဆက်(မြန်မာ) တို့အကြား ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ယူနီဆက်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Bertrand Bainvel နှင့် မြန်မာနိုင်ငံ ဂျပန်သံအမတ်ကြီး Mr. Tateshi HIGUCHI တို့က ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ခဲ့ကြပါသည်။ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းမိသားစုများမှ လှူဒါန်းငွေကျပ် (၆၆၀၆၃၅၀ိ/-) တိတိကို တာဝန်ရှိသူများမှ လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။