ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ များရှိ တိုက်ပွဲရှောင် ပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် တိုက်ပွဲရှောင် စခန်းများကို လှည့်လည်ကြည့်ရှု

ကချင်ပြည်နယ်၊ အောက်တိုဘာလ ၁၁ -

      ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးစန်းသီတာ ခန်းမတွင် ယနေ့ပြုလုပ်သော ကချင်ပြည်နယ် အတွင်း တိုက်ပွဲရှောင်စခန်းများရှိ မိသားစုများအတွက် လတ်တလော ထောက်ပံ့ ငွေပေးအပ်ပွဲသို့ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တက်ရောက်အမှာ စကား‌ပြောကြားရာတွင် " ယခုဖြစ်ပွားလျက်ရှိသော တိုက်ပွဲများနှင့် ဆက်စပ် ခံစားရမှုများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်မှုရရှိပါက လျော့နည်း ပပျောက် သွားမည်ဖြစ်ပါကြောင်း၊ သဘာဝဘေးနှင့် လူတို့ဖန်တီးသောဘေးများကြောင့် ဒုက္ခရောက်နေ ကြရသော ပြည်သူများနှင့်အတူ မိမိတို့အစိုးရ အနေဖြင့် ခံစားသိရှိရပြီး လိုအပ်ချက်များကို ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားပြီး ကချင်ပြည်နယ်အတွင်းရှိ လတ်တလော လိုအပ်လျက်ရှိသည့် တိုက်ပွဲရှောင် မိသားစုများအတွက် ထောက်ပံ့ငွေကိုပေးအပ်ရာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ သင်းလွင်က လက်ခံရယူပြီး ကျေးဇူး တင်စကားပြန်လည်‌ပြောကြားပါသည်။

      ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြို့တော်ခန်းမတွင် ကျင်းပလျက် ရှိသည့် ကချင်ပြည်နယ် လူငယ်မူ ဝါဒဖြစ်‌မြောက်ရေး ဖိုရမ်သို့ တက်ရောက်ကာ အားပေးစကား‌ပြောကြားခဲ့ပါသည်။

      ဆက်လက်၍ အမှတ်(၁) တပ်မတော်ဆေးရုံ (ကုတင် ၃၀၀) သို့ ရောက်ရှိပြီး စစ်ဆင်ရေးတွင် ဒဏ်ရာရရှိသော လူနာ စစ်သည်များကို လှည့်လည်ကြည့်ရှုကာ အားပေးစကား‌ပြောကြားပြီး ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ပါသည်။

      ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝိုင်းမော်မြို့ သာဂရသရက်တော ကျောင်းတိုက်ရှိ တိုက်ပွဲရှောင်ပြည်သူများ၊ မိုင်းနားရပ်ကွက် ကေဘီစီ တိုက်ပွဲရှောင် ပြည်သူများနှင့် မန်ခိန်ရွှေစက် ရပ်ကွက်ရှိ ဆော့လော်မြို့နယ် ရေဘေး အန္တရာယ်ဖြစ်ပွားပြီး မြစ်ကြီးနား မြို့တွင် လာရောက်ပညာ သင်ကြားလျက်ရှိသော ကလေးငယ်များကို တွေ့ဆုံ အားပေး စကား‌ပြောကြားကာ ထောက်ပံ့ငွေ၊ ဆန်၊ ဆီနှင့် အစားအစာများ ပေးအပ်ခဲ့ပါသည်။

FacebookTwitter