ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား သြစတြီးယားနိုင်ငံအခြေစိုက် SFC Umwelttechnik GmbHကုမ္ပဏီအဖွဲ့အစည်း၊ Minister of State at the Foreign and Commonwealth Office,UK အဖွဲ့နှင့် HelpAgeInternationalMyanmar အဖွဲ့တို့မှ သီးခြားစီလာရောက်တွေ့ဆုံ
နေပြည်တော်၊ ၂၀၁၆ခုနှစ်၊နိုဝင်ဘာလ၁၁ ရက် -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် နိုဝင်ဘာလ ၁၀ ရက်နေ့၊နံနက် (၀၉း၀၀)နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား သြစတြီးယားနိုင်ငံ အခြေစိုက် SFCU mwelttechnik GmbH ကုမ္ပဏီမှ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်သူMr. Franz Urstoger ဦးဆောင်သော အဖွဲ့မှ လာရောက ်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ သဘာဝဘေးအန္တရာယ် ကျရောက်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်မည့် ရေသန့်စင်စက်နှင့် နည်းပညာများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးဆိုင်ရာ ကိစ္စရပ် များ၊ သြစတြီးယား နိုင်ငံ Uni Credit ဘဏ်မှ အတိုးမဲ့ချေးငွေဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် နံနက်( ၁၀း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား UNITED KINGDOM မှ Foreign and Commonwealth Office ၏ Minister of State ဖြစ်သူH.E. Rt Hon Baroness Anelay ဦးဆောင်သော အဖွဲ့မှ လာရောက်တွေ့ ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန မှ ဆောင်ရွက်လျက်ရှိသော အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် နိုင်မည့်ကိစ္စများ၊ လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာ စီမံချက်ပါ အဓိက လုပ်ငန်းစဉ်များ အကြောင်းနှင့် ချင်းပြည်နယ်တွင် ကနဦး စတင်ဆောင် ရွက်လျက်ရှိသည့် မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ရေး ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ရရှိရေး ကိစ္စရပ်များ၊ ပဋိပက္ခဒေသများရှိ အမျိုးသမီး များနှင့် ကလေးသူငယ်များအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ပေးရန် ကိစ္စရပ်များ၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အလားတူ ( ၁၁း၀၀ )နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား HelpAge International Myanmar အဖွဲ့အစည်းမှ Country Director ဖြစ်သူ Mr. Godfred Paul ဦးဆောင်သောအဖွဲ့ မှ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ သက်ကြီးရွယ်အိုဆိုင်ရာ ဥပဒေအတည်ပြု ပြဌာန်းနိုင်ရေး ဆောင်ရွက်နေသော ကိစ္စရပ်များ၊ ဥပဒေ ပေါ်ပေါက်လာပြီးလျင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်များ၊ သက်ကြီးရွယ်အို လူမှုရေးပင်စင် ( Social Pension) ပေး နိုင်ရေးဆောင်ရွက်လျက်ရှိသော ကိစ္စရပ်များ၊ သက်ကြီးရွယ်အိုများနှင့် ပတ်သက်သည့် သုတေသနများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၏ အသစ်ဖွဲ့စည်း ထားရှိသော သုတေသနဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ သက်ကြီးသူချင်း ကူညီစောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေများကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။