လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်များအား ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်သွားနိုင်ရေး ညှိနှိုင်းဆွေးနွေး
ရန်ကုန်၊ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ၊ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် (၁၂.၁၁.၂၀၁၆) ရက်နေ့ မွန်းလွဲပိုင်းတွင် ကလေးသူငယ် ဥပဒေအရ အသက်(၆)နှစ် မှ(၁၆)နှစ် အတွင်းရှိ ကလေး သူငယ်တရားရုံးမှ ပို့အပ်လာသည့် ကလေးများအား စိတ်ဓါတ်နှင့် အကျင့်စာရိတ္တ ပြုပြင်ပေးလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး ၊သန်လျင်မြို့နယ်ရှိ သန်လျင် လူငယ်သင်တန်းကျောင်းသို့ သွားရောက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကလေးများအား အတန်းပညာနှင့် ကျောင်းပြင်ပ ပညာများ သင်ကြားပေးရာတွင် မေတ္တာပေးပြု စုစောင့်ရှောက် ပေးခြင်းဖြင့် ကလေးများစိတ်ချ လုံခြုံသော ဘဝကို ရရှိခံစားနိုင်ရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ကလေးသူငယ်တရားရုံးမှ ပို့အပ်သော ကလေးများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ သင်တန်းသား တိုးချဲ့အိပ်ဆောင် အဆောက်အဦ အသစ်ဆောက်လုပ်နိုင်ရေး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှု ခဲ့ပါသည်။
(၁၃.၁၁.၂၀၁၆) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မရမ်းကုန်း မြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း ရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ အစည်းအဝေး ခန်းမ၌ မြန်မာနိုင်ငံ အထူးပညာရေး အသင်းမှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မသန်စွမ်းသူများ၏ ပညာသင် ယူမှု အခွင့်အရေးများအား အပြည့်အဝရရှိနိုင်မည့် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန် အတွက် ပထမအကြိမ် မြန်မာနိုင်ငံ ဉာဏ်ရည်မသန်စွမ်းသူများ ဆိုင်ရာပညာရေး ညီလာခံ ကျင်းပနိုင်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ဝန်ကြီးဌာနမှ ဦးဆောင်ရေးဆွဲရန်ရှိသည့် လူမှုဝန်ထမ်းဥပဒေ၊ လူမှုကာ ကွယ်စောင့်ရှောက်ရေး ဥပဒေနှင့် မူဝါဒများအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဘာသာရပ်ဆိုင်ရာ ကျင့်ဝတ်နှင့် အညီ ကျွမ်းကျင်မှုရှိသည့် Professional လူမှုဝန်ထမ်းသမားများ မွေးထုတ်ပေးနိုင်ရေး၊ နိုင်ငံတော်၏ လူမှုစီးပွားများ ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းစဉ်များတွင် လူမှုဝန်ထမ်းပညာရပ်များဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး၊ အာဆီယံလူမှုဝန်ထမ်း လုပ်ငန်းစဉ်များပါ အကြောင်းအရာများကိုလည်း အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် Social Work Institute တစ်ခုကို နိုင်ငံတကာအဆင့်မီ တည်ထောင်နိုင်ရေး စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် စီမံချက်မြေနေရာ လျာထားရေးအတွက် လက်ရှိ ကမ္ဘာအေးဘုရား လမ်းပေါ်ရှိ ဝန်ကြီး ဌာနပိုင် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ ဝင်းအတွင်း အဆောက်အဦ ဆောက်လုပ်ရန် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးကာ ဌာနပိုင်အဆောက်အဦ မြေနေရာများအား လှည့်လည် ကြည့်ရှုခဲ့ပါကြောင်း သတင်းရရှိပါသည်။