တိုင်းဒေသကြီး/ပြည်နယ် ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များနှင့် လူငယ်မူဝါဒ ရေးဆွဲရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ကျင်းပ
နေပြည်တော်၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက် -
၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့၊ လူမှုဝန်ထမ်း ၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် လူငယ်မူဝါဒရေးဆွဲ ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးမှ တိုင်းဒေသကြီး/ ပြည်နယ် ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များ အနေနဲ့ ဒီအခြေအနေ ရောက်အောင် အများကြီး ဖြတ်သန်းခဲ့ရကြောင်း၊ အစိုးရသစ် စတင်တာဝန် ထမ်းဆောင်ကတည်းက လူငယ်တွေအရေးကို ဦးစားပေးအနေနဲ့ ဆောင်ရွက်ရမည်ဟု သဘောထားခဲ့သည့်အတွက် ရက်(၁၀၀)စီမံချက်၏ ထိပ်ဆုံး စီမံချက်အနေဖြင့် လူငယ်မူဝါဒရေးဆွဲရေးကို ထည့်သွင်းရေးဆွဲ ခဲ့ပါကြောင်း၊ လူငယ် မူဝါဒရေးဆွဲရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန နှင့်ပညာရေး ဝန်ကြီးဌာန တို့ကို ပူးပေါင်းဆောင် ရွက်ရမည့် ဝန်ကြီးဌာန (၃)ခုအဖြစ် သတ်မှတ်ခဲ့ကြောင်း၊Focal Ministry အဖြစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနကို တာဝန်ပေးအပ်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုယ်စားပြု လူငယ်ရရှိရန် ခက်ခဲသော်လည်း အတတ်နိုင်ဆုံး ရရှိရန်ကြိုးစားခဲ့ ကြောင်း၊ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ လူငယ်ဖိုရမ်များ၊ အစည်းအဝေးများ ကျင်းပပြီး လူငယ်ကိုယ်စားလှယ်များ ရွေးချယ်နိုင်ခဲ့သဖြင့် ဂုဏ်ယူပါကြောင်း၊ လူငယ်မူဝါဒသည် လူငယ်တွေ ကိုယ်တိုင်ရေးဆွဲထားသည့် ပေါ်လစီဖြစ်ပြီး နိုင်ငံတော်အစိုးရ၏ ပေါ်လစီ လည်းဖြစ်ကြောင်း၊ မတူတဲ့အမြင်တွေ ပေါင်းစပ်ပြီး ကောင်းသော ရလဒ်တစ်ခု ထွက်ပေါ်လာဖို့ လုပ်ဆောင်နိုင်ခဲ့ကြပြီလို့ ယူဆပါကြောင်း၊ မူဝါဒ တစ်ခုပေါ်ပေါက်လာလျင် လက်တွေ့အကောင်အထည်ဖော် ကျင့်သုံးနိုင်ဖို့ လိုပါကြောင်း၊ မိမိတို့ ဝန်ကြီး ဌာနများနေနဲ့ လည်း လူငယ်မူဝါဒ အမြန်ဆုံး ထွက်ရှိရန် ကူညီသွားမှာ ဖြစ်ကြောင်း၊ နည်းပညာ ပိုင်းဆိုင်ရာ ကူညီရန်အတွက် National Consultant လည်းရှိနေပြီဖြစ်ကြောင်း၊ လူငယ်များ၏ အတွေး အခေါ်အယူအဆများကို ထည့်သွင်းရမှာ ဖြစ်ကြောင်း၊ အားလုံးပါဝင်သည့် All Inclusive ဖြစ်ရ မည်ဖြစ်ကြောင်း၊ သို့မှသာ ရလဒ်ကောင်းများရရှိပြီး လူငယ်မူဝါဒကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမျိုးသိမ်းကြီး မှလည်း လူငယ်မူဝါဒရေးဆွဲတာကို ကြိုဆိုပါကြောင်း၊ ရလဒ်ကို ဦးတည်ရမှာဖြစ် သလို အားလုံးပါဝင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူငယ်များအနေ နဲ့ လူငယ်မူဝါဒကို ကိုယ်တိုင်ရေးဆွဲရမှာ ဖြစ်ပြီး အထူးသဖြင့် ကျားမရေးရာ၊ ဝင်ငွေနှင့် နေရာ ဒေသမတူညီမှုများ၊ ရှိနေသော်လည်း သာတူညီမျှဖြစ်ရန် လိုအပ်ကြောင်း၊ လူငယ်များအနေဖြင့် ပညာအရည်အသွေး ပြည့်ရန်လိုအပ်ကြောင်း ပညာရေးဝန်ကြီးဌာန အနေဖြင့် မသင်မနေရပညာရေး စနစ်ကို ကျင့်သုံးနေသော်လည်း ကျောင်းထွက်မှုနှုန်း မြင့်မားနေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် အတန်းပညာသာမက TVET (သက်မွေးသင်တန်းများ)ကိုပါ သင်ကြားပေးပြီး ကျွမ်းကျင်လုပ်သား အဆင့်ရအောင်လေ့ကျင့် သင်ကြားပေးသွားရ မည်ဖြစ်ကြောင်းနှင့် အနာဂတ်လူငယ်များ၏ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါထည့်သွင်းစဉ်းစား၍ လူငယ်မူဝါဒကိုရေး ဆွဲစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
နိဂုံးချုပ် အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး မှ မြန်မာနိုင်ငံ လူငယ်မူဝါဒ ပေါ်ပေါက်လာရေးအတွက် လူငယ်ထုအကြား စည်းလုံးညီညွတ်မှု၊ အားကောင်းသောပေါင်းစပ် ညှိနှိုင်းဆောင်ရွက်မှု၊ ပြီးမြောက်အောင်ဆောင် ရွက်မည်ဟူသော တာဝန်ယူမှုများဖြင့် မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် ရွေးချယ်လာခဲ့ကြ သော လူငယ်ကိုယ်စားလှယ်များမှ လူငယ်မူဝါဒ ရေးဆွဲခြင်းကို သတ်မှတ်ကာလ အတွင်း ပြီး မြောက်အောင် ဆောင်ရွက်ကြပါဟု မှာကြားခဲ့ကြောင်း သိရှိရပါသည်။