လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ မောင်တောမြို့နယ် အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ လတ်တလော လိုအပ်သော စားနပ်ရိက္ခာများ ထောက်ပံ့
နေပြည်တော်၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက် -
ရခိုင်ပြည်နယ် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် စစ်တွေမြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ UNHCR ကိုယ်စားလှယ် Mrs. Urara Furukawa နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့သို့ ရောက်ရှိကြပြီး မောင်တောမြို့နယ် အတွင်းရှိ ပန်းတောပြင်၊ တပ်ဦးချောင်း၊ ဂေါ်ဒူသာရ၊ ဥဒေါင်း၊ အောင်ဇေယျ၊ အောင်သာယာ၊ အောင်မင်္ဂလာ၊ ငြိမ်းချမ်းရေးကျေးရွာများရှိ ပြည်သူများထံ သွားရောက်တွေ့ဆုံပြီး လတ်တလောလိုအပ်လျက်ရှိသည့် ဆန်၊ ဆီ၊ ပဲနှင့် အိမ်သုံးဆားတို့ကို ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခရီးစဉ်အတွင်း စစ်တွေမြို့၊ ပြည်သူ့ဆေးရုံနှင့် မောင်တောမြို့ ပြည်သူ့ဆေးရုံများသို့ သွားရောက်ခဲ့ပြီး ဆေးရုံတက်ကလေးလူနာများအား ကြည့်ရှုအားပေးစကားပြောကြားကာ ထောက်ပံ့မှုပေးရန် လိုအပ်သော ကလေးလူနာများကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။
အလားတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူး ဦးဆောင်သော အဖွဲ့သည် (၁၉.၁၁.၂၀၁၆) ရက်နေ့တွင်လည်း ဘူးသီးတောင်မြို့ သုဓမ္မာရံဘုန်းတော်ကြီးကျောင်းတွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိသော ပြည်သူ(၁၁၅)ဦးအား ဆန်၊ ဆီနှင့် ခေါက်ဆွဲခြောက်များကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။