စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မှု

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းများကို စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့တွင် (၂.၇.၂၀၁၆)ရက်နေ့မှ (၃.၇.၂၀၁၆)ရက်နေ့အထိ သင်တန်းသား(၄၀)ဦးဖြင့်လည်းကောင်း၊ နေပြည်တော် တိုင်းလူမှုဝန်ထမ်းရုံးတွင် (၃၁.၁၀.၂၀၁၆)ရက်နေ့မှ (၄.၁၁.၂၀၁၆)ရက်နေ့အထိ သင်တန်းသား(၃၀)ဦး ဖြင့်လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် (၇.၁၁.၂၀၁၆) ရက်နေ့မှ (၁၁.၁၁.၂၀၁၆)ရက်နေ့အထိ သင်တန်းသား(၃၀)ဦးဖြင့်လည်းကောင်း၊ ကယားပြည်နယ် လွိုင်ကော်မြို့တွင် (၇.၁၁.၂၀၁၆) ရက်နေ့မှ (၁၁.၁၁.၂၀၁၆)ရက်နေ့အထိ သင်တန်းသား(၃၀)ဦးဖြင့်လည်းကောင်း ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သင်တန်းများကို ကုသရေးဦးစီးဌာန၊ ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နှင်းရေးရဲတပ်ဖွဲ့၊ မြို့နယ်ဥပဒေရုံး၊ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်းတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

      စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများသည် မိမိတို့မြို့နယ်အတွင်းရှိ မူးယစ်ဆေးဖြတ်ပြီး ပြန်လည်ထူထောင်မှုခံယူပြီးသူများ၏ မိသားစုများထံသို့ အိမ်တိုင်ရာရောက် သွားရောက်၍ လူမှုရေးအကူအညီ လိုအပ်သူ (client) နှင့် မိသားစုတို့အား နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ လူမှုရေးလိုအပ်ချက်နှင့် လူမှုရေးပြဿနာ များကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

FacebookTwitter