သက်ငယ်မုဒိမ်းမှု ဖြေရှင်းဆောင်ရွက်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ နိုဝင်ဘာ ၂၈ -
သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်များ ပိုမိုများပြား လာခြင်းကြောင့် ပြည်သူလူထု စိတ်နှလုံး မချမ်းမြေ့ဖွယ် ဖြစ်ရပြီး မြန်မာ့လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာ ညှိုးနွမ်း စေသဖြင့် နိုင်ငံအတွင်းရှိ ကလေးသူငယ်များ၏ လူမှုဘဝများ လုံခြုံရေးအတွက် သက်ငယ်မုဒိမ်းမှုများ ဖြေရှင်းဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၂) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၂၃၊ နေပြည်တော်ရှိ ဝန်ကြီးရုံးစုပေါင်းခန်းမ တွင်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ယင်းသို့ပြောကြားရာတွင် လတ်တလောဖြစ်ပွားနေသော သက်ငယ်မုဒိန်းမှုများနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး၊ ကျူးလွန်ခံရသော ကလေးသူငယ်များအတွက် ကျန်းမာရေး၊ စိတ်ပိုင်း၊ရုပ်ပိုင်း စောင့်ရှောက်မှုနှင့် ဥပဒေကြောင်းအရ ကူညီပံ့ပိုးရေးတို့ကို ထိထိရောက်ရောက်ဖြင့် အမြန်ဆုံး ဖြေရှင်းနိုင်ရေး ဆွေးနွေးပြောကြားခဲ့ပါသည်။ အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ နေပြည်တော် ကောင်စီဝင်၊ အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီများမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး ညှိနှိုင်းအစည်းအဝေးတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုအစီအစဉ်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသက်ငယ်မုဒိမ်းမှု ဖြေရှင်းဆောင်ရွက်ရေးဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြခြင်း၊ သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍ တုံ့ပြန်ဖြေရှင်း ဆောင်ရွက်ရေးနည်းလမ်းများ အဆိုပြု တင်ပြခြင်းနှင့် ယင်းအဆိုပြုချက်အပေါ် ဝိုင်းဝန်းသုံးသပ် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
သက်ငယ်မုဒိမ်းမှုများသည် ဖြစ်စဉ်များအရ ကျေးလက်ဒေသများတွင်အများဆုံးဖြစ်ပွားလျက်ရှိသကဲ့သို့ မြို့ပြများတွင်လည်း မြို့စွန်ရပ်ကွက်များ၌ အများဆုံးဖြစ်ပွားလျက်ရှိနေပါသည်။ သို့ဖြစ်၍ သက်ငယ်မုဒိမ်းမှုများ ပပျောက်စေရေးအတွက် ရေတို၊ ရေရှည် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရန်နှင့် ကျေးရွာများအထိ အသိပညာပေးမှုလုပ်ငန်းများကို အုပ်ချုုပ်ရေးအဖွဲ့များ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပေးခြင်း၊ လူစည်ကားရာ ဈေး၊ ကားဂိတ်၊ ရေဆိပ် စသည့်နေရာများတွင် အသိပညာပေး ဆိုင်းဘုတ်များ ထူထောင်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်သွားရန်၊ အဆိုပါသက်ငယ်မုဒိမ်းမှုကျူးလွန်သူများကို ထောင်ဒဏ် နှစ်(၂၀)အထိ ပြစ်ဒဏ်ပေးနိုင်ကြောင်းသိရှိစေရန် အသိပညာပေးကြရန် ဆွေးနွေးဆုံးဖြတ်ပြီး ရေရှည်ဆောင်ရွက်ရမည့် ကိစ္စများကို ဆက်လက်အကောင်အထည်ဖော်ကြရန် ဆုံးဖြတ်ခဲ့ကြပါသည်။