အမျိုးသမီးများအခွင့်အရေး အပြည့်အဝရရှိရေးနှင့်ဘဝလုံခြုံဖွံ့ဖြိုးမှု ရရှိစေရေးဆောင်ရွက်ပေး
နေပြည်တော်၊ ဒီဇင်ဘာ ၁၃ -
မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၁.၄၁ သန်းအနက် ၅၁.၈ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ပြီး နိုင်ငံ၏လူဦးရေ ဖွဲ့စည်းမှုပုံစံအရ အမျိုးသမီးများသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အရေးကြီးသော အခန်းကဏ္ဍမှာ ပါဝင်သဖြင့် တက်တက်ကြွကြွပါဝင် ဆောင်ရွက်နိုင်ဖို့နဲ့ အခွင့်အရေး အပြည့်အဝ ရရှိဖို့အတွက် အဓိကဦးစားပေး နယ်ပယ်(၁၂)ရပ် ပါဝင်သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)ကိုရေးဆွဲခဲ့ပြီး မဟာဗျူဟာ(၄)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဦးစားပေးနယ်ပယ်တစ်ရပ်ဖြစ်သည့် အမျိုးသမီးများနှင့် သဘာဝပတ်ဝန်းကျင်နယ်ပယ်ကို သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်မှု၊ ရာသီဥတုပြောင်းလဲလာမှုနှင့်လိုက်လျောညီထွေဖြစ်အောင် တုန့်ပြန် ဆောင်ရွက်မှုများတွင် အမျိုးသမီးများ ပါဝင်နိုင်စေရေး ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ Horizon Hotel ၌ ကျင်းပပြုလုပ်သည့် အရေးပေါ် အခြေအနေများတွင် အမျိုးသမီးများ၏ လိုအပ်ချက်များအား ဆန်းစစ်လေ့လာမှု စာတမ်းမိတ်ဆက်ပွဲ အခမ်းအနား တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါသည်။
လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက် ရှိရာ အမျိုးသမီးများအတွက်လည်း ကဏ္ဍပေါင်းစုံက ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးလျက် ရှိပြီး ယနေ့မိတ်ဆက်သည့် ဆန်းစစ်လေ့လာမှုစာတမ်းသည် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ အတွင်း မြန်မာနိုင်ငံတဝှမ်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ အပါအဝင် သဘာဝဘေးဖြစ်ပွားချိန်တွင် အမျိုးသမီးများ၏ လိုအပ်ချက်များ၊ ခံနိုင်ရည်ရှိမှုများ၊ ကျားမရေးရာ အခွင့်အရေးများကို ပြည်သူများသိရှိနိုင်စေရန် လေ့လာသုတေသန ပြုထားရှိပြီး အမျိုးသမီးများ၏ အခွင့်အရေးအပြည့်အဝရရှိရေးနှင့် ဘဝလုံခြုံဖွံ့ဖြိုးမှုရရှိရေး ဖြည့်ဆည်း ပေးရမည့် လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် ကျား၊မ တန်းတူညီမျှရေး ကွန်ယက်မှ တွဲဘက်သဘာပတိမှ ကြိုဆိုနှုတ်ခွန်းဆက် ပြောကြားပါသည်။ ဆက်လက်၍ အရေးပေါ်အခြေအနေများတွင် အမျိုးသမီးများ၏ လိုအပ်ချက်များအား ဆန်းစစ်ခြင်းမှ အဓိကရှာဖွေတွေ့ရှိချက်များနှင့် အကြံပြုချက်များအား တာဝန်ရှိသူမှ တင်ပြခဲ့ပြီး " Little Raindrop" မိုးစက်ငယ်လေးများ အမည်ရှိ သရုပ်ဖော်ကာတွန်း ဗီဒီယိုပြသခဲ့ကာ တက်ရောက်လာသူများမှ ဝိုင်းဝန်းမေးမြန်း ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါမိတ်ဆက်ပွဲသို့ ဆက်စပ်ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် Gender Equality Network မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။