လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြဝတီမြို့ရှိ လူမှုအဖွဲ့အစည်းများ ပြည်သူများနှင့်တွေ့ဆုံပြီး ဒေသအတွင်း ကြည့်ရှုလေ့လာ

      နိုင်ငံတော် အစိုးရအနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးပေးလျက် ပြည်သူများ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက် ရှိပါသည်။

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များတွင် လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ဖြစ်ကြောင်းဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကရင်ပြည်နယ် မြဝတီမြို့ သောင်ရင်းခန်းမတွင် ပြုလုပ်သော လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။

      အဆိုပါ အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စိတ်ပါဝင်စားသူ ပြည်သူများ တက်ရောက်ကြပါသည်။

      ထို့နောက် တက်ရောက် လာကြသူများက လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ မိမိတို့၏ ဆောင်ရွက်နေမှု အခြေအနေများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။

      ခရီးစဉ်အတွင်း နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါ လျက် ကရင်ပြည်နယ် မြဝတီခရိုင်ရှိ ဆုံဆည်းမြိုင် ကျေးရွာသို့ရောက်ရှိကြရာ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)မှ ဗိုလ်ချုပ်ကြီး စောမိုရှေးနှင့် တာဝန်ရှိသူများက ကြိုဆိုကြပါသည်။

      ထို့နောက် ကျေးရွာအတွင်း ဖွင့်လှစ်ထားရှိသော လူမှုဝန်ထမ်းဦးစီးဌာနက လှူဒါန်းထားသည့် မူလတန်းကြိုကျောင်း အခြေအနေ၊ မူးယစ်ဆေးစွဲသူများအား ကုသရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ကျေးရွာအတွင်း ရေ၊မီးရရှိမှုနှင့် လမ်းပန်းဆက်သွယ်မှု ကိစ္စရပ်များကို ရင်းနှီးစွာဆွေးနွေး ကြပြီး (၂၂)နှစ်မြောက် (DKBA)တပ်မတော်နေ့ အကြိုစစ်ရေးပြ လေ့ကျင့်မှုများကို လေ့လာ ကြည့်ရှု ကြပါသည်။

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လေးကေကော်ကျေးရွာ အနီးရှိ မူးယစ်ဆေးစွဲသူများကို ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် အဆောက်အဦ ဆောက်လုပ်မည့် မြေနေရာလျာထားမှု အခြေအနေ၊ မြဝတီမြို့တွင်းရှိ ကြိုဆိုလက်ခံရေးစခန်း၊ မူးယစ်ပြန်လည်ထူထောင်ရေး စခန်းနှင့်ခရိုင် ကယ်ဆယ်ရေး ဦးစီးဌာနရှိ သိုလှောင်ရုံတို့လှည့်လည် ကြည့်ရှုပြီး လိုအပ်ချက်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ ကြပါသည်။

FacebookTwitter