စစ်မှန်ပြီး လက်တွေ့ကျသော မူဝါဒဖြစ်ရေး လူငယ်များကိုယ်တိုင် ဒေသအလိုက် ရေတိုရေရှည် ဆောင်ရွက်ရမည့် ကဏ္ဍများကို ဖော်ထုတ်ရေးဆွဲ

နေပြည်တော်၊ ၂၀၁၆ခုနှစ်၊ဒီဇင်ဘာလ ၂၂ ရက် -

              မွေးကင်းစမှသည် သက်ကြီးရွယ်အိုအထိ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ ကို ဆောင်ရွက်ခြင်း၊ သဘာဝဘေးနှင့် လူတို့ကြောင့် ဖြစ်ပေါ်သော ဘေးများ လျော့ပါးရေးနှင့် ဖြစ်ပေါ်လာပါကလည်း ကြိုတင်ကာကွယ်ခြင်းနှင့် အလျင်အမြန် တုန့်ပြန်နိုင်ရေးတို့အတွက် ဆောင်ရွက်နေခြင်းသည် ပြည်သူများ လွတ်လပ်လုံခြုံစွာ နေထိုင်နိုင်ရေး အတွက်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု အထူးသဖြင့် လူငယ်များ၏ အင်အား များစွာလိုအပ်ပါကြောင်း၊ စေတနာနှင့် ကိုယ်ပိုင်အချိန်ပေးပြီး ဝန်ကိုထမ်းရွက်မည့် စေတနာ့ဝန်ထမ်း လူငယ်များကိုလည်း ကျေးဇူး တင်ရှိပါကြောင်း၊ ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ တွင် ကျင်းပပြုလုပ်သော လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ မွမ်းမံသင်တန်း(၁/၂၀၁၆) ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ နေပြည်တော် ကောင်စီ နယ်မြေအတွင်းမှ သင်တန်းသား (၈၀)ဦးတက်ရောက်ခဲ့ပါသည်။

             မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပပြုလုပ်သည့် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းအဖွဲ့ခွဲ အစည်းအဝေးသို့ တက်ရောက်၍ မြန်မာနိုင်ငံ၏ အမျိုးသားအဆင်‌့ လူမှုကာ ကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက် အကောင်အထည်ဖော်မှုအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်နှင့် လာမည့်ဘဏ္ဍာ ရေးနှစ်မှစ၍ အကောင်အထည်ဖော်မည့် ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ နှင့် အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးရေးအစီအစဉ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များအား အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

              ညနေပိုင်းတွင် နေပြည်တော်၊ Hotel Max ၌ လူငယ်မူဝါဒ ရေးဆွဲရေးဆိုင်ရာ ဗဟို ကော်မတီ၊ လုပ်ငန်းကော်မတီ၊ မူကြမ်းရေးဆွဲရေး အဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီ ဥက္ကဋ္ဌဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဥက္ကဋ္ဌ များဖြစ်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမြင့်ထွေးနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမျိုးသိမ်းကြီး၊ လုပ်ငန်းကော်မတီဝင်များ၊ မူကြမ်းရေးဆွဲရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

              အဆိုပါ ဆွေးနွေးပွဲတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက လူငယ်များရဲ့ အမြင်၊ သဘောထား၊ ခံယူချက်များကို လူကြီးများရဲ့ အတွေ့အကြုံများ၊ အကြံပြုချက်များနှင့် ပေါင်းစပ်ကာ အပြုသဘောဆောင်တဲ့ ဆွေးနွေးညှိနှိုင်းမှုများမှ တဆင့် ပြည့်စုံကောင်းမွန်သော လူငယ်မူဝါဒမူဘောင်ကြမ်းကို ရရှိနိုင်မှာဖြစ် ကြောင်း၊ အစိုးရအဖွဲ့ အနေနဲ့လည်း လူငယ်များရဲ့ ဆန္ဒ၊ အကြံပြုချက်များကို အလေးထား ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ လူငယ်များသည် အနာ ဂတ်မြန်မာနိုင်ငံ၏ တာဝန်များကို လက်ဆင့်ကမ်း အမွေဆက်ခံဆောင် ရွက်ရမည် ဖြစ်သဖြင့် လူငယ်မူဝါဒသည် ယနေ့လူငယ်များအား အမှန်တကယ် လက်တွေ့အသုံးချနိုင်သော လမ်းညွှန်ချက်များဖြစ်ရန် ကြိုးစားရေးဆွဲ ဆောင်ရွက်ကြစေလိုကြောင်း၊ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမြင့်ထွေးနှင့် ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ မျိုးသိမ်းကြီးတို့က လူငယ်မူဝါဒသည် နိုင်ငံအတွက် အရေးကြီးသော မူဝါဒဖြစ်ပါကြောင်း၊ စစ်မှန်ပြီး လက်တွေ့ကျသော မူဝါဒ ဖြစ်ရေး လူငယ်များ ကိုယ်တိုင် ဒေသအလိုက် ရေတိုရေရှည် ဆောင်ရွက်ရမည့် ကဏ္ဍများကို ဖော်ထုတ် ရေး ဆွဲရန် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ၏ မူဝါဒများနှင့် ဆက်စပ်ဆောင်ရွက်၍ ရအောင် ရေးဆွဲစေလိုကြောင်း၊ လူငယ်များနှင့် ဝန်ကြီး ဌာနများအကြား တာဝန်ခံ တာဝန်ယူ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

              ဆက်လက်၍ လူငယ်မူဝါဒရေးဆွဲရေး ပြည်တွင်းအကြံပေး ပုဂ္ဂိုလ်နှင့်တိုင်းဒေသကြီး/ ပြည် နယ် များကိုယ်စား လူငယ်ကိုယ်စားလှယ်တစ်ဦးမှ ဆောင်ရွက်ထားရှိမှု များအား ရှင်းလင်း တင်ပြခဲ့ပြီး ထိုလူငယ်မူဝါဒကို ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် အပြီးရေးဆွဲ ရန် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

FacebookTwitter