ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ် မောင်တောဒေသရှိ ကျေးရွာများသို့ လှည့်လည်ကြည့်ရှုထောက်ပံ့ခြင်း
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ (၆)ရက် -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောဒေသ မြောက်ပိုင်းရှိ ရွက်ညိုတောင်ရွာ၊ သရက်အုပ်ရွာ၊ ဇင်ပိုင်ညာရွာ၊ ကျွဲထားပြင်ရွာ၊ သာဇေကုန်းရွာ၊ ဟော်ရီတူလ္လာရွာ၊ ဖူခါလီရွာ၊ လှဖိုးခေါင်ရွာ၊ ကျောက်ပြင်ဆိပ်ရွာ၊ ဒါးကြီးစားရွာများသို့ သွားရောက်၍ ဒေသခံများနှင့် တွေ့ဆုံကာ ၎င်းတို့၏ ကြုံတွေ့နေရသော အခက်အခဲများ၊ လိုအပ်ချက်များ၊ မိသားစုအတွင်း ကျန်းမာရေး၊ ပညာရေးနှင့် စားဝတ်နေရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။
ကျန်းမာရေးနှင့် ပတ်သက်၍ လက်ရှိအခြေအနေတွင် ဆိုးရွားသော အာဟာရချို့တဲ့ ကလေးငယ်များ မရှိကြောင်းနှင့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု ပေးရန်ကိစ္စရပ်များ၊ လက်ရှိတွင် လုပ်ငန်းခွင်သို့ ဝင်ရောက်လျှက်ရှိပြီး တက္ကသိုလ်ပညာ ဆက်လက်ဆည်းပူးနိုင်ရေးအတွက် လိုအပ်ချက်များ၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်းသို့ ဝင်ခွင့်ရရှိရေး ကိစ္စရပ်များနှင့် လက်တလော စားနပ်ရိက္ခာ လိုအပ်မှု အခြေအနေများကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
နိုင်ငံတော်အစိုးရ အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရ အဖွဲ့တိုမှ ပဋိပက္ခဖြစ်ပွားခဲ့သော ဒေသအားလုံးသို့ ကူညီထောက်ပံ့မှုများ ရောက်ရှိရေး ဆောင်ရွက်လျှက်ရှိပါကြောင်းနှင့် လိုအပ်သော အချိန်အတိုင်းအတာအထိ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ဆက်လက်ထောက်ပံ့မည် ဖြစ်ကြောင်း အားပေးစကားပြောကြားပြီး ကျေးရွာလူဦးရေ အလိုက် ဆန်၊ ပဲနှင့် ကလေးငယ်များအတွက် အာဟာရမုန့် ၊ ကစားစရာ အရုပ်များကို ပေးအပ်ခဲ့ပါသည်။
ခရီးစဉ်အတွင်း လူမှုကာကွယ်စောင့်ရှောက်မှု လိုအပ်သော ကိုယ်ဝန်ဆောင်မိခင်နှင့် မိသားစု များအား တိုက်ရိုက်ငွေကြေး ထောက်ပံ့မှု များလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ယနေ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့မှု စုစုပေါင်း တန်ဖိုးမှာ ကျပ်(၁၀၁)သိန်းခန့် ဖြစ်ပါသည်။