မြန်မာနိုင်ငံလူငယ်မူဝါဒ မူကြမ်းရေးဆွဲပြီးဖြစ်သဖြင့် အတည်ပြုပြဌာန်းနိုင်ရေးအတွက် လုပ်ငန်းကော်မတီ(ပထမအကြိမ်) အစည်းအဝေးကျင်းပ
၂၁.၅.၂၀၁၇ ၊ နေပြည်တော်
နိုင်ငံတော်၏အနာဂါတ်ကို ပုံဖော်ကြမည့် နိုင်ငံတော်၏တာဝန်များကို လက်ဆင့်ကမ်းတာဝန်ယူကြမည့် လူငယ်များသည် မိမိတို့၏ တန်ဘိုးရှိသော အလားအလာများကို သိမြင်ကြရန်လိုအပ်ကြောင်း၊ အရည်အသွေးပြည့်ဝပြီး မိမိတို့၏ အစွမ်းအစကို ဖော်ထုတ်ပြသနိုင်ပြီး လူမှုကျင့်ဝတ်များကို လေးစားလိုက်နာ သူများအဖြစ် တာဝန်ယူစိတ်ဖြင့် ဆောင်ရွက်တတ်သူများဖြစ်လာစေရန် လူငယ်မူဝါဒကို ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်းဖြင့် ယနေ့နံနက်က နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားရာတွင် ယနေ့လူငယ်များအတွက် လူငယ်မူဝါဒ ပေါ်ထွက် လာနိုင်ရေးမှာ အစိုးရ၏ ရက်(၁၀၀)စီမံချက်တွင်ပါဝင်ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဦးဆောင်ပြီး တစ်နိုင်ငံလုံးမှလူငယ်များက ကိုယ်စားလှယ်များရွေးချယ်ကာ လူငယ်မူဝါဒ မူကြမ်းရေးဆွဲရေးကော်မတီ၊ လူငယ်မူဝါဒ ရေးဆွဲရေးလုပ်ငန်းကော်မတီနှင့် လူငယ်မူဝါဒရေးဆွဲရေး ဗဟိုကော်မတီများဖွဲ့ပြီး ဆောင်ရွက်ခဲ့ ပါကြောင်း၊ ယခုအခါ မူကြမ်းရေးဆွဲပြီးဖြစ်၍ လုပ်ငန်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ကျင်းပခြင်း ဖြစ်ကြောင်း၊ မူကြမ်းတွင်ပါဝင်သည့် ကဏ္ဍများအလိုက် အကြောင်းအရာများကို တက်ရောက်လာကြသော သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးက ၎င်းတို့၏ လက်ရှိမူဝါဒ၊ လုပ်ငန်းစဉ်၊ စီမံကိန်းများနှင့်ချိတ်ဆက် ဆောင်ရွက်နိုင်စေရန် အကြံပြုဆွေးနွေးကြစေလိုကြောင်း၊ ဖြစ်ပေါ်လာမည့် လူငယ်မူဝါဒသည် လူငယ်ထု အားလုံးကို လွှမ်းခြုံနိုင်မှုရှိရန် လိုအပ်ကြောင်း၊ လက်တွေ့ကျပြီး ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သော မူဝါဒဖြစ်စေရန် အထူးအလေးထား ဆောင်ရွက်ပေးကြပါဟု တိုက်တွန်းပြောကြား ခဲ့ပါသည်။
မြန်မာနိုင်ငံလူငယ်မူဝါဒ ရေးဆွဲခြင်းကို ၂၀၁၆ ခုနှစ်၊ မေလ(၉)ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုနှစ် ဇွန်လကုန်တွင် အပြီးရေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံလူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ၊ ဌာန ဆိုင်ရာ ကိုယ်စားလှယ်များ၊ ဆက်စပ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။