မောင်တော၊ ၁၅.၁၀.၂၀၁၈
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ရောက်ရှိနေသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နှင့်အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံ တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့မှ ရဟတ်ယာဉ်ဖြင့် ထွက်ခွာရာ မောင်တောမြို့သို့ရောက်ရှိကြသည်။
ထိုမှတစ်ဆင့် အထူးကိုယ်စားလှယ်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဘူးသီးတောင်မြို့သို့ ဆက်လက်ထွက်ခွာကြပြီး ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံး၌ လူမှုအသိုက်အဝန်းများ နှင့် တွေ့ဆုံခဲ့သည်။