နေပြည်တော်၊ ဇူလိုင် (၂၇)ရက် -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ (၂၇)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကျိုက်ဝိုင်းဘုရားလမ်း၊ လူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်း၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် မှ တက်ရောက် အမှာစကား ပြောကြားရာတွင် နိုင်ငံတော် သမ္မတကြီး ခေါင်းဆောင်သော အစိုးရအဖွဲ့သည် ပြည်သူလူထု ဗဟိုပြုအစိုးရ (People Centered Government ) ဖြစ်သဖြင့် ပြည်သူများရဲ့ လူမှုရေး လိုအပ်ချက်များကို ဝန်ကြီးဌာနမှ တတ်နိုင်သရွေ့ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယနေ့ အချိန်ထိ တနိုင်ငံလုံးမှာ ဝန်ကြီးဌာနမှ အသိအမှတ် ပြုထားပြီးသော စေတနာဝန်ထမ်း အဖွဲ့အစည်း စုစုပေါင်း (၁၁၈၄) တို့အား (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ်တွင် မနှစ်ကထက် (၃.၁၃)ဆ တိုးမြှင့်ပြီး စုစုပေါင်း ကျပ်သန်းပေါင်း (၁၇၁၆.၆) သန်း တိုးမြှင့်ထောက်ပံ့ ပေးလျက်ရှိပါကြောင်း၊ ထောက်ပံ့ငွေများသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါမှု လျော့ချရေး လုပ်ငန်းများကို တောင်ပိုင်းခရိုင် အတွင်း ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနေပါကြောင်း၊ ကြီးကြပ်မှု ကော်မတီဝင်များ အနေဖြင့် မိမိတို့ရဲ့ ဂေဟာ/ ကျောင်း/ဌာန အစဉ် တိုးတက်စေရန် ရရှိငွေများကို ဘဏ်မှာအပ်ထားပြီး အတိုး၊ အရင်းများကို မျှတစွာ သုံးစွဲသွားရမည် ဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားခဲ့ပါသည်။