ဧရာဝတီတိုင်းဒေသကြီး၊ ၂၃.၆.၂၀၁၇ ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို လူကုန်ကူးမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာများရရှိစေရန် တရားစွဲဆိုခြင်းနှင့် ဥပဒေအကြောင်းအား သိရှိစေရန်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများအား သိရှိစေရန် ရည်ရွယ်၍ (၁.၆.၂၀၁၇)ရက်နေ့တွင် The Lutheran World Federation(Myanmar) တို့ ပူးပေါင်း၍ ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲမြို့နယ်ရှိ ကျေးရွာသူ/သားများ တက်ရောက်အင်အား(၁၂၀)ဦးဖြင့် ဖျာပုံအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ၂၂.၆.၂၀၁၇ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ မိခင်ဝိုင်း(၅)ဝိုင်းမှ ဝိုင်းခေါင်းဆောင်များအား(၁၆.၅.၂၀၁၇) ရက်နေ့ နံနက်(၁၀းဝဝ)နာရီချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံး၌ ခေါ်ယူတွေ့ဆုံ၍ မိခင်ဝိုင်းများ ရေရှည်တည်တံ့မှုရှိရေး၊ မိခင်ဝိုင်းများအား ကလေးဦးရေအလိုက် စားစရိတ်များ ထောက်ပံ့ပေးမည်ဖြစ်၍ ငွေကြေး သုံးစွဲမှု စနစ်တကျရှိရေး၊ စာရင်းများ စစ်ဆေးခံနိုင်ရန် ထားရှိရေးတို့အား ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ၂၂.၆.၂၀၁၇ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊အမှတ်(၁)မူလတန်းကြိုကျောင်းတွင် (၁၅.၆.၂၀၁၇)ရက်နေ့ နေ့လည်(၁၄းဝဝ)နာရီတွင် Len Sen ဆေးကုမ္ပဏီမှ ဖိတ်ကြားပေးမှုဖြင့် ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ သန်းသန်းဝင်းမှ မိုးရာသီတွင်အဖြစ်များသော ရောဂါများအကြောင်း သိကောင်းစရာ ဟောပြောမှု နှင့် ကလေးများပန်းချီပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ၂၂.၆.၂၀၁၇ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ  ကဝမြို့နယ်၊ ဝေါမြို့နယ်၊ ရွှေကျင်မြို့နယ်၊ တောင်ငူမြို့နယ်၊ ကျောက်ကြီး မြို့နယ်၊ ရေတာရှည်မြို့နယ်၊ ထန်းတပင်မြို့နယ်၊ ဖြူးမြို့နယ်၊ ညောင်လေးပင်မြို့နယ်တို့တွင် (၁၅.၆.၂၀၁၇) ရက်နေ့  ၌ သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာနရုံးများတွင် အသက်(၉၀)နှစ်နှင့်အထက် ဘိုးဘွားများ အား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင်ထောက်ပံ့ရာ၌ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဝန်ထမ်းများသွားရောက် ဆောင်ရွက်ခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ၂၂.၆.၂၀၁၇                      (၂၁-၆-၂၀၁၇)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး ကြီးကြပ်မှုအောက်ရှိ ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန် မိခင်ဝိုင်း၊ မြကံသာမိခင်ဝိုင်း(၁)၊ (၂)နှင့် အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားမိခင်ဝိုင်းများသို့ မူလတန်းကြိုကျောင်းအမှတ်(၁) ကျောင်းအုပ်မှလည်းကောင်း၊ အမရပူရမြို့နယ် ရှမ်းလေးကျွန်းမိခင်ဝိုင်းနှင့် ယဉ်တော်မိခင်ဝိုင်းများသို့ မူလတန်းကြိုကျောင်း အမှတ်(၂) ကျောင်းအုပ်မှလည်းကောင်း၊ မလှိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်မိခင်ဝိုင်း၊ ကူကြီးကျေးရွာမိခင်ဝိုင်း(၁)၊ (၂)၊ ကျင်းရွာ အုတ်ဖိုကန်မိခင်ဝိုင်း(၁)နှင့် (၂)သို့ မိတ္ထီလာမူလတန်းကြိုကျောင်း ကျောင်းအုပ်မှလည်းကောင်း၊ စုစုပေါင်း မိခင်ဝိုင်း(၁၁)ဝိုင်းရှိ ကလေးငယ်များအား အာဟာရကျွေးမွေးခြင်းအတွက် ငွေထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ကရင်ပြည်နယ်၊ ၂၂.၆.၂၀၁၇ ကရင်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့(IRC) တို့ပူးပေါင်းပြီး အမျိုးသမီး များအပေါ်တွင်နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ရာတွင် အမျိုးသမီးများ၏ အခွင့်အရေးများ၊ ကာကွယ်စောင့်ရှောက်ရေးနှင့်ဆိုင်သော ဥပဒေအကြောင်းအရာ များအား သိရှိစေရန်ရည်ရွယ်၍ အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ဆောင် နေသော ဌာနဆိုင်ရာများ ၊ NGOs များ၊ အရပ်ဘက်လူမှု့အဖွဲ့အစည်းအသီးသီးမှ စိတ်ပါဝင်စားသူများ စုစုပေါင်း(၃၅)ဦးတို့အား (၂၁.၆.၂၀၁၇)မှ (၂၃.၆.၂၀၁၇)ထိ (၃)ရက်တာသင်တန်းပေးဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်းအား Legal Clinic Myanmar အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်နော်လှလှရီနှင့် ရှေ့နေ ဒေါ်ဂျာဆိုင်းမိုင်တို့မှ အမျိုးသမီးများ၏ အခွင့်အရေးများအကြောင်း၊ အကြမ်းဖက်မှုများဖြစ်လာလျှင် တရားဥပဒေဖြင့် ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်ရှိကြောင်းနှင့် ဥပဒေအကြောင်းအရာများအား ဆွေးနွေး သင်ကြားပေးခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ၂၂.၆.၂၀၁၇ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ တက်ဟုမ်း၊ Commerce of Gehong Prefecture အုပ်စုမှ တာဝန်ရှိသူများနှင့်အတူ မန္တလေးလူငယ်သင်တန်းကျောင်းရှိ ကလေးသူငယ်များအတွက် အသက်မွေး ဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်မည့် အခြေအနေများကို လာရောက်လေ့လာခဲ့ပါသည်။ လေ့လာမှုများအရ မော်တော်ဆိုင်ကယ်ပြင်သင်တန်းနှင့် မိုဘိုင်းဖုန်းပြင် သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ယင်းရှန်မော်တော်ဆိုင်ကယ်ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သင်တန်းကာလ တစ်ခုလျှင် (၃)လကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား (၃၀)ဦးဖြင့် သင်တန်းများအား သြဂုတ်လ ပထမပတ်တွင် စတင်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ၂၂.၆.၂၀၁၇ မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော လမ်းပေါ်နေကလေးများ လျော့နည်းပပျောက်ရေး စီမံချက်ပါ လုပ်ငန်းရပ်များအနက် ကာကွယ် စောင့်ရှောက်ခြင်း လုပ်ငန်းအား ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များတွင် ကွင်းဆင်းဆောင်ရွက်မည့် ဝန်ထမ်းများနှင့် ရပ်ရွာအတွင်းမှ စေတနာ့ဝန်ထမ်းများ၊ စေတနာလူမှုဝန်ထမ်း လူငယ်များ(Social Youth Volunteer)အား စွမ်းဆောင်ရည်မြှင့်သင်တန်းအဖြစ် (၁၉.၆.၂၀၁၇) မှ (၂၄.၆.၂၀၁၇) ထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။ လမ်းပေါ်နေကလေးအများစု နေထိုင်ရာနေရာများတွင် ကွင်းဆင်း ဆောင်ရွက်ရာ၌ လိုအပ်သည့်ကျွမ်းကျင်မှုများ ရရှိစေရန် အဆိုပါ သင်တန်းတွင် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်၊ ကလေးသူငယ်အခွင့်အရေးများ၊ လမ်းပေါ်နေကလေးများ၏ သဘော သဘာဝများ၊ လမ်းပေါ်နေထိုင်ခြင်း၏ ဆိုးကျိုးများ၊ မိဘအသိပညာပေးခြင်း၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာများ၊ မိသားစုခြေရာခံခြင်းနှင့် ပြန်လည်ပေါင်းစည်းခြင်း၊ ကွင်းဆင်းဆောင်ရွက် ခြင်း၊ ဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်နှင့် လူမှုဝန်ထမ်းသမားများ လိုက်နာစောင့်ထိန်း ရမည့် အခြေခံကျင့်ဝတ်များ၊ လွှဲပြောင်းညွှန်းပို့ရမည့် စနစ်များ၊ ဝန်ဆောင်မှုများရရှိနိုင်မည့် အခြေခံ သတင်းအချက်အလက်များနှင့် ပတ်သက်၍ ဆွေးနွေး ပို့ချသွားမည် ဖြစ်ပါကြောင်းသတင်းရရှိပါသည်။

ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံး၊ ၂၂.၆.၂၀၁၇

လူမှ ုဝန်ထမ်းဦးစီးဌာန၊ ကျိင်းတုံခရိုင်လူမှုဝန်ထမ်းရုံး၏ ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ဆောင်ရွက်ပေးလျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းရပ်များ အား ရပ်ရွာအထိကွင်းဆင်းပြီး အပတ်စဉ် လိုက်လံဆွေးနွေးလျက်ရှိရာ ယခုအပတ်တွင် ရပ်ကွက်(၂)ရှိ ပြည်သူများအား ကလေးပြ ုစုရေးဌါန၊ကျောင်းအုပ်မှ သွားရောက်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

နေပြည်တော်၊ ၂၁.၆.၂၀၁၇          UNCEDAW ကော်မတီမှ ပေးပို့လာသော မြန်မာနိုင်ငံ၏ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအပေါ် အကြံပြုသုံးသပ်ချက်များ (CEDAW Concluding Observations) (၅၆)ချက်နှင့်စပ်လျဉ်း၍ အပိုဒ် ၁၅(က)နှင့် (ဃ)၊ အပိုဒ် ၄၅(ဃ)နှင့် (စ)တို့အပေါ် အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်းသည့် နောက်ဆက်တွဲအစီရင်ခံစာအား (၂)နှစ်အတွင်း ပေးပို့ ရမည်ဖြစ်ပါ၍ ၂၀၁၈ ခုနှစ်တွင် UNCEDAW ကော်မတီသို့ ပေးပို့တင်ပြရမည့် ၎င်းအစီရင်ခံစာ နှင့် ပတ်သက်သော အကြောင်းအရာများကို ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးအား (၂၀.၆.၂၀၁၇)ရက်နေ့တွင် လူမှု ဝန်ထမ်းဦးစီးဌာန၊  အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာအသီးသီးမှ ကိုယ်စားလှယ်(၃၀)ဦး ဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်။