ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်
၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၏ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့က"ဣတ္ထိယပန်းခင်း" တေးသီချင်းဖြင့် နှုတ်ခွန်းဆက်သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Video Clip ပြသမှုနှင့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့က"စေတနာဥယျာဉ်"သီချင်းဖြင့် သရုပ်ဖော်ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ထူးချွန်ဆုရရှိသည့် အမျိုးသမီးများအား ဆုချီးမြှင့်ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၏ဇနီး ၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၏ဇနီး ဧရာဝတီတိုင်းဒေသကြီးအတွင်း နယ်ပယ်ကဏ္ဍအသီးသီးမှ ထူးချွန်စွာစွမ်းဆောင်နိုင်ခဲ့သည့် အမျိုးသမီးများအား တာဝန်ရှိသူအသီးသီးကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့က "မြန်မာအမျိုးသမီးလေးပါ"သီချင်းဖြင့် သီဆိုကပြဖျော်ဖြေခဲ့ပြီးနောက် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုပန်းခြင်းအား တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများနှင့် လက်မှုပညာထုတ်ကုန်ပစ္စည်းများ ပြသထားမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။