နေပြည်တော်၊ အောက်တိုဘာ ၁ -
အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(MICC -2)၌ကျင်းပသည်။ အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် က အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံသည် အခြားသော အရှေ့တောင်အာရှ နိုင်ငံများကဲ့သို့ သက်ကြီးရွယ်အို ဦးရေ လျင်မြန်စွာ တိုးပွားနေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ တွက်ချက်မှု ကိန်းဂဏန်းများ အရ မိမိတို့နိုင်ငံတွင် သက်ကြီးရွယ်အို ဦးရေစုစုပေါင်း၏ (၁၀)ရာခိုင်နှုန်း ခန့်သည် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ လိုအပ်သည့် အခြေအနေတွင် ရှိနေပါကြောင်း၊ ထို့အတွက် သက်ကြီးရွယ်အို ဦးရေတိုးပွားလာမှုသည် ကြိုဆိုရမည့် ကိစ္စရပ် တစ်ခုဖြစ်သကဲ့သို့ စိန်ခေါ်မှု တစ်ရပ်ဖြစ်သည်ကို လည်း အားလုံးသတိ ထားကြရမည် ဖြစ်ပါကြောင်း၊ မြန်နှုန်းမြင့် တိုးပွားနေသည့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများကို နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်ရေးအတွက် အောင်မြင်သော အိုမင်းမှုဖြစ်စဉ် နည်းလမ်းများကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အလေးထားဆောင် ရွက်ပေးသွားကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။